ရခိုင်မြို့နယ် ၃ ခုမှ အမျိုးသား ၃ ဦး စစ်တွေ၌ ပျောက်ဆုံးမှု တစ်လခန့်ကြာသည်အထိ အဆက်အသွယ်မရသေး

By Narinjara/ 2021 September 29

သဥ္ဇာနွယ်

ရခိုင်ပြည်နယ် မြို့နယ် ၃ ခုမှ အမျိုးသား ၃ ဦး စစ်တွေ၌ပျောက်ဆုံးနေမှုနှင့်ပတ်သက်ပြီး တစ်လခန့်ကြာသည်အထိ အဆက်အသွယ်မရဘဲဖြစ်နေသည်ဟု မိသားစုများက ပြောသည်။

ပျောက်ဆုံးသွားသောသူများမှာ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့မှ ဦးမောင်မြင့်တင် (၄၉ နှစ်)၊ ပေါက်တောမြို့နယ် ကျောက်ပြင်ရွာမှ ဦးကြာထွန်းအောင် (၅၀ နှစ်)နှင့် ရန်ကုန်တွင်နေသည့် အမ်းမြို့နယ် မြောက်ဦးချောင်းရွာမှ ချင်းလူမျိုး ဦးမောင်နှောင်း (၄၅ နှစ်)တို့ဖြစ်သည်။

၎င်းတို့ ၃ ဦးသည် ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်တွင်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး ယနေ့ စက်တင်ဘာလ ၂၉ ရက်အထိ အဆက်အသွယ်မရသေးဟု မိသားစုဝင်များက ပြောသည်။

ဦးမောင်မြင့်တင်၏ဇနီးဖြစ်သူဒေါ်သန်းအေးခင်က “ပျောက်သွားတာ တစ်လနီးပါးရှိပြီ။ ခုထိဆက်သွယ်မရဘူး။ ဘယ်မှာရှိနေလို့ ဘယ်လိုစားသောက်နေလဲမသိဘူး။ လာမလားလို့မျှော်နေတယ်”ဟု နိရဥ္စရာကို ပြောသည်။

ပျောက်ဆုံးနေသူများအနက် ဦးမောင်မြင့်တင်သည် စက်တင်ဘာလ ၂ ရက်နေ့က ဆိုင်ကယ်ဖြင့် စစ်တွေသို့ သစ်လုပ်ငန်းလုပ်ရန်ထွက်သွားပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်သည်။ ဦးကြာထွန်းအောင်သည်လည်း ယင်းနေ့တွင် စစ်တွေသို့သွားပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

အလားတူ ဦးမောင်နှောင်းသည်လည်း ရန်ကုန်မှစစ်တွေသို့ ယင်းနေ့က အလုပ်သွားလုပ်ရာတွင် ရုတ်တရက်ပျောက်ဆုံးသွားဖြစ်သည်ဟု ဦးမောင်နှောင်း၏ဖခင် ဦးဘွဲက ပြောသည်။

“ပျောက်သွားတာတော့ကြားပါတယ်။ ဘယ်လိုပုံစံနဲ့ ဘာကြောင့်ပျောက်သွားလဲမသိဘူး”ဟု ပြောသည်။

၎င်းတို့ ၃ ဦးပျောက်ဆုံးနေမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့ထံတိုင်ထားမှုမရှိဟုလည်း မိသားစုများက ပြောသည်။

https://www.facebook.com/narinjara.info/posts/4732909936721046

Leave a Reply

Your email address will not be published.