ရခိုင်ပြည်နယ်မှာ ဆန္ဒပြလူငယ် ၄ ဦး ထောင်ဒဏ်ချမှတ်ခံရ

By VOA/ 2021 September 16

ရခိုင်ပြည်နယ်မှာ ၂၀၂၀ ခုနှစ် အောက်တိုဘာလက မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုရှိနေတယ်ဆိုပြီးတော့ ဆန္ဒပြခဲ့ကြတာကြောင့် ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ကျောင်းသား လေးဦးကို ဒီကနေ့မှာပဲ စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်နဲ့ ၆ လ ပြစ်ဒဏ်ချလိုက်ပါတယ်။ ၁၁ လကြာ အမှုရင်ဆိုင်နေရပြီး ဒီနေ့ စက်တင်ဘာ ၁၆ ရက်နေ့မှာ ပြစ်ဒဏ်စီရင်ခံရတာဖြစ်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်က လာတဲ့ သတင်းကို ကိုရဲမွန် က တင်ပြေပေးပါမယ်။

၂၀၂၀ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က စစ်တွေမြို့ပေါ်မှာ “ကိုလိုနီအစိုးရအလိုမရှိ။ ဖက်စစ် စစ်တပ်အလိုမရှိ။ အစိုးရထွက်သွား။ မြန်မာစစ်တပ် ထွက်သွား” စတဲ့ စာသားတွေပါဝင်တဲ့ ဆိုင်းပုဒ်တွေ ကိုင်ဆိုင်ပြီးတော့ ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားလူငယ် ၄ ယောက်ကို စစ်တွေမြို့ တရားရုံးက ထောင်ဒဏ် ၂ နှစ်နဲ့ ၆ လစီ ချမှတ်လိုက်ပါတယ်။

အများပြည်သူတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်ဆောင်မှု ၅၀၅(ခ) အတွက် ထောင်ဒဏ် ၂ နှစ် ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၉ အတွက် ထောင်ဒဏ် ၆ လ ချမှတ်ခဲ့တာပါ။

အဲဒီကျောင်းသားလေးဦးကိုယ်တိုင်က အပြစ်ရှိကြောင်း ဝန်ခံတဲ့အတွက် ဒီကနေ့မှာပဲ အမိန့် တစ်ခါတည်း ချလိုက်တာ ဖြစ်တယ်လို့ အဲဒီအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရား လွတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောပါတယ်။

“ကျနော်တို့ ကျင့်ထုံးအရ ဆိုလို့ရှိရင် စွဲချက်တင်တဲ့ အချိန်မှာ တရားခံက အပြစ်ရှိပါတယ်လို့ ဝင်ခံလို့ရှိရင် ချက်ချင်းကို အမိန့်ချရပါတယ်။ ဒါဥပဒေ အဲတာဆိုတော့ တရားသူကြီးက သူတို့ ဝင်ခံတဲ့ အတွက် ကြောင့် တရားသူကြီးက တစ်ခါတည်း တန်းပြီးတော့ အမိန့်ချတယ်။ အဲလိုဆိုရင် မင်းတို့ကို ၅၀၅(ခ) ပုဒ်မနဲ့ ပတ်သတ်ပြီး အလုပ်နဲ့ ထောင်ဒဏ် ၂နှစ်ချတယ်။ ဘေးစီမံကျတော့ အလုပ်နဲ့ ထောင်ဒဏ် ၆ လချပါတယ်ခင်မျာ။”

ပုဒ်မ ၅၀၅ (ခ) အတွက် အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်တာဟာ အမြင့်ဆုံးထောင်ဒဏ်ဖြစ်နေတဲ့တာကြောင့် စစ်တွေခရိုင်တရားရုံးမှာ အယူခံဝင်သွားဖို့ရှိတယ်လို့လည်း တရားလွှတ်တော်ရှေ့နေက ပြောပါတယ်။

“ ကျနော်တို့ကတော့ သူတို့ ဝန်ခံတာကို မပြောလိုပါဘူး။ ကျနော့အမြင်ပြောရရင် ကလေး တွေကို ၅၀၅ (ခ) အရ ၂ နှစ်ချလိုက်တာက အမြင့်ဆုံးပြစ်ဒဏ်ဖြစ်နေတဲ့ အတွက်ကြောင့် ကလေးတွေကလည်းအပေါ်ကို တက်မယ်။ ကျနော်ကလည်း တက်ပေးမယ် ။ ဒါကတော့ ပြစ်မှုနဲ့ ပြစ်ဒဏ် တွက်ကြည့်ရင်တော့ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်နေတယ်။ အပေါ်က တရားရုံးက သူတို့ကို ပြစ်ဒဏ်က များတယ် လျော့ပေးလိုက်ရင်တော့ သူတို့ မကြာမှီ လွတ်သွားနိုင်တာပေါ့ဗျာ။ ဟုတ်ကဲ့ ကျနော်တို့ စစ်တွေ ခရိုင်တရားရုံးကို အယူခံဝင်မှာပါခင်မျာ။”

ထောင်ချခံရတဲ့ ကျောင်းသား ၄ ယောက်လုံးဟာ တက္ကသိုလ်သမဂ္ဂအဖွဲ့ဝင်တွေဖြစ်ကြပြီး အသက် ၂၀ ဝန်းကျင် လူငယ်တွေဖြစ်ပါတယ်။ သူတို့ကို ခုလို ထောင်ချတာ တရားမ ျှတမှု မရှိဘူးလို့ စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌ ကိုတိုးတိုးအောင် က ပြောပါတယ်။

“ပြစ်မှုနဲ့ ပြစ်ဒဏ်ကတော့ မမျှတဘူးလို့ မြင်တယ်ပေါ့နော်။ ကျနော်တို့ တစ်ချက်ကြည့်ရမယ့် ဟာက သူတို့က ဒီအမှုကို အမိန့်မချပဲနဲ့ တစ်နှစ်လောက် ရုံးချိန်းတွေ ခေါ်လိုက် ရုံးမထုတ်လိုက် အဲလိုမျိုးလုပ်ထားတယ်ပေါ့နော်။ ဒါက ဘာကို သက်ရောက်စေလည်းဆိုတော့ သူတို့ကိုနေပြီးတော့ တရားခွင်မှာ လုပ်ကြောင်းကို ဝန်ခံအောင်အထိ အချိန်ဆွဲတယ်ပေါ့နော်။ ပြီးရင် သူတို့ ဒီလိုအကွက်ဆင်ပြီး ပြစ်မှုပြစ်ဒဏ် ကြီးကြီးမားမား ချလိုက်တယ်လို့ မြင်ပါတယ်ဟုတ်။”

ရခိုင်ပြည်နယ်မှာ ထောင်ဒဏ် ၂ နှစ်နဲ့ ၆ လပြစ်ဒဏ်ချခံရတဲ့ ကျောင်းသားတွေကတော့ ကိုကျော်နိုင်ဋ္ဌေး၊ ကိုသန်းနိုင်၊ ကိုမြစိုးဝင်း၊ ကိုကောင်းထွန်းတို့ ဖြစ်ကြပါတယ်။

https://www.facebook.com/VoA.Burmese.News/posts/10159422495530170

Leave a Reply

Your email address will not be published.