ရခိုင်ပြည်နယ်မှာ စက်သုံးဆီနဲ့ ကုန်စျေးနှုန်း အဆမတန် မြင့်တက်လာ

By RFA/ 2021 September 30

■ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်လာစျေး၊ ရွှေစျေးနဲ့ စက်သုံးဆီစျေးနှုန်းတွေ တစ်နိုင်ငံလုံးမှာ စံချိန်တင်မြင့်တက်နေပြီး အလားတူ ရခိုင်ပြည်နယ်မှာလည်း ကုန်စျေးနှုန်းတွေနဲ့ စက်သုံးဆီစျေးနှုန်းတွေ အဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ပြည်တွင်းထုတ်ကုန်ပစ္စည်းတွေ ၅၀ ရာခိုင်နှုန်းကျော်လောက်အထိ စျေးတက်သွားသလို ပြည်ပထုတ်ကုန်တွေလည်း ၁၀၀ ရာခိုင်နှုန်းကျော်အထိ တက်သွားတယ်လို့ ရခိုင်စီးပွားရေးဦးဆောင် အများပိုင် ကုမ္ပဏီလိမိတက် (REIC) ရဲ့ ဒုဥက္ကဋ္ဌ ဦးခင်မောင်ကြီးက RFA ကို ပြောပါတယ်။

ကုန်ပစ္စည်းတွေ စျေးအဆမတန်မြင့်တက်သွားတာကြောင့် ဒေသခံတွေ အခက်အခဲတွေများစွာ ရင်ဆိုင်နေကြရပြီလို့လည်း ဆိုပါတယ်။

စက်သုံးဆီစျေးကွက်မှာလည်း အာဏာမသိမ်းခင်က ဓာတ်ဆီ အောက်တိန်း 92 တစ်လီတာကို ၁၀၀၀ ကျပ်ဝန်းကျင်သာရှိခဲ့ပေမယ့် လက်ရှိ 92 တစ်လီတာကို ကျပ် ၁၅၀၀ ကျော်လောက်နဲ့ ဝယ်ယူနေရပြီး လမ်းဘေးဆီဆိုင်တွေမှာဆိုရင် တစ်လီတာကို ၁၇၀၀၊ ၁၈၀၀ ကျပ်လောက်အထိ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်သုံးဆီစျေး မြင့်တက်လာတာကြောင့် ကားခ၊ အငှားသုံးဘီးယာဉ်ခနဲ့ အခြား သွားလာရေးစားရိတ်တွေ မြင့်တက်လာပြီး အဆင်မပြေဖြစ်နေကြတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ရခိုင်ဟာ အရင်ကတည်းက ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ပြည်နယ်ဖြစ်ပြီး လက်ရှိ စစ်ရေးပဋိပက္ခတွေ၊ ကိုဗစ် – ၁၉ ကပ်ရောဂါအပြင် စစ်အာဏာသိမ်းမှုရဲ့ ရိုက်ခတ်မှုကိုပါ ထပ်မံခံစားနေရတာကြောင့် စီပွားရေးဟာ ၅၀ ရာခိုင်နှုန်း လောက်အထိ ကျဆင်းသွားတယ်လို့လည်း ဦးခင်မောင်ကြီးက ပြောပါတယ်။

https://www.facebook.com/rfaburmese/posts/10161388166178128

Leave a Reply

Your email address will not be published.