ရခိုင်တွင် ယခုနှစ်ဖြစ်ပွားခဲ့သည့်ကိုဗစ်ပိုးသည် Delta မျိုးစိတ်ဟုယူဆထား၍ Delta မျိုးစိတ်ကို သီးသန့်ထပ်မစစ်ဖြစ်တော့ဟုဆို

By Narinjara/ 2021 September 15

မာန်ယုကျော် (ရွှေဝမြေ)

ရခိုင်ပြည်နယ်တွင် ယခုနှစ် ကိုဗစ်တတိယလှိုင်းအတွင်းဖြစ်ပွားခဲ့သည့်ကိုဗစ်ပိုးအမျိုးအစားမှာ မျိုးရိုးဗီဇပြောင်း Delta ပိုးမျိုးစိတ်ဟု ယူဆထားသည့်အတွက် သီးသန့် ထပ်မစစ်ဖြစ်တော့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“မျိုးခွဲဖို့ဆိုရင် ယိုးဒယားနဲ့ အိန္ဒိယကို ပေးပို့စစ်ဆေးရတာပေါ့နော်။ အဲတော့ ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ ကျနော်တို့ တပ်ဘက်ကနေယူပြီးတော့ ကျနော်တို့နေပြည်တော်မှာ အခု တကယ်လို့ မျိုးခွဲစစ်ဆေးမယ်ဆိုရင် စစ်ဆေးလို့ရတယ်။ ၁၅ ယောက်လောက်ကိုစစ်ဆေးလို့ရတဲ့ဟာနဲ့ သူတို့စစ်ဆေးခဲ့တယ်ပေါ့။ စစ်ဆေးခဲ့တဲ့အတွက် ရခိုင်မှာ ၅ ယောက်ပို့လိုက်တဲ့အထဲက တစ်ယောက်မှာ Delta တွေ့တယ်ပေါ့လေ။ အဲတော့ ဘယ်လိုပဲဖြစ်ဖြစ် သုံးသပ်ချက်တွေအရ ကျနော်တို့ ပြည်နယ်ထဲမှာလည်ပတ်ခဲ့တဲ့မျိုးစိတ်သည် Delta မျိုးစိတ်လို့ပဲ ယူဆတယ်။ အဲဒီတော့ ကျနော်တို့ မပို့ဖြစ်ဘူးပေါ့ဗျာ။”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် Delta မျိုးစိတ်ပိုးရှိသူ ၁၅ ဦးတွေ့ရှိသည့်အနက် စစ်တွေမှ ၁ ဦးပါဝင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ်လ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ စစ်ဆေးခဲ့ရာတွင်လည်း ရခိုင်မှ ၅ ဦးကို စစ်တပ်ဘက်က ပေးပို့စစ်ဆေးစေခဲ့ခြင်းသာဖြစ်ပြီး ၁ ဦးတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာစိုးဝင်းပိုင်က ဆက်ပြောသည်။

“တပ်ဘက်ကပို့ရင်တော့ ကျနော်တို့ မပြောတတ်ဘူးပေါ့။”ဟုလည်း ဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ Delta မျိုးစိတ်ကို အိန္ဒိယနိုင်ငံတွင် စတင်တွေ့ရှိခဲ့ပြီး ယခု အချိန်တွင် နိုင်ငံပေါင်း ၁၆၃ နိုင်ငံ၌ ပျံ့နှံ့လျက်ရှိသည်ဟု သိရသည်။

Delta မျိုးစိတ်သည် ရောဂါပိုးကူးစက်နိုင်မှုနှင့် ရောဂါပြင်းထန်မှု မြင့်မားသဖြင့် သေဆုံးနိုင်ချေ မြင့်တက်လာနိုင်သည့်အပြင် အချို့သော ကိုဗစ်-၁၉ ကာကွယ်ဆေးများ၏ အကျိုးအာနိသင်ကိုလည်း အနည်းငယ် လျော့ကျစေနိုင်ကြောင်း သိရသည်။

လက်ရှိတွင် ရခိုင်ပြည်အတွင်း ကိုဗစ်ဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်းလည်း လျော့ကျလာနေပြီဖြစ်သည်။

ရခိုင်တွင် စက်တင်ဘာ ၁၄ ရက်အထိ ကိုဗစ်ဖြစ်ပွားသူ ၄,၆၁၃ ဦးရှိပြီး သေဆုံးသူ ၄၃၁ ဦးရှိသည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက သူ၏လူမှုကွန်ရက်တွင် ယနေ့နံနက်ပိုင်းက ထုတ်ပြန်ထားသည်။

https://www.facebook.com/narinjara.info/posts/4686276391384401

Leave a Reply

Your email address will not be published.