ရခိုင်တွင် မွေးမြူရေးငါးပုဇွန်လုပ်ငန်းကို နည်းပညာပြောင်းလုပ်ရန်လိုအပ်

By Western News/ 2021 September 26

ရခိုင်ပြည်နယ်တွင် မွေးမြူရေး ငါးနှင့် ပုဇွန်၊ ဂဏန်းတို့၏ အထွက်နှုန်းမှာပြည်တွင်းဖူလုံမှုပင်မရှိ၍ နည်းပညာ ပြောင်းလုပ်ရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှပြောသည်။

ပြည်တွင်းမွေးမြူရေးလုပ်ငန်းများအနေဖြင့် နည်းပညာပြောင်းရန်လိုအပ်လာကြောင်း ငါးပုဇွန်မွေးမြူသည့်ကန် အကျယ်အဝန်းထက် ထုတ်လုပ်နိုင်မှုပမာဏကို အလေးပေးရန်လိုအပ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ ဦးစီး ဌာနမှူး ဦးသက်ဦးကပြောသည်။

“မွေးမြူရေးလုပ်တဲ့အခါ ဧကတွေအများကြီးချဲ့ပြီးမွေးကြတယ်။ တကယ့်တကယ်တန်းမှာတော့ အထွက်နှုန်းက အဲလောက်မရှိဘူး။ ပြည်တွင်းစားသုံးမှုအတွက်တောင်ဖူလုံတဲ့အထွက်နှုန်းမရကြဘူး ဖြစ်နေတယ်။ ကျနော်တို့က ကွင်းဆင်းပြီး ငါးပုဇွန်တွေကို အစာကျွေးတဲ့စနစ်နဲ့ မွေးဖို့အကြံပေးတယ်။ အစာကျွေးမွေးရင် ထွက်နှုန်း ကောင်းမှန်း ကျနော်တို့စမ်းသပ်ပြလို့သူတို့လည်းသိတယ်။ သူတို့ရဲ့အခြေနေအရ မွေးမြူရေးကန်တွေက ဧကများတယ်။ အစာတွေကလည်းဈေးကြီးတော့ သူတို့မတတ်နိုင်ကြဘူး။ အထွက်နှုန်းကောင်းဖို့အတွက် ဧကအများကြီးကို သဘာဝစာနဲ့မွေးတာထက် နည်းပညာပြောင်းပြီး ကိုယ်တတ်နိုင်လောက်တဲ့ဧကကို အစာကျွေးပြီးမွေးရင် ပိုအဆင်ပြေနိုင်တယ်” ဟုပြောသည်။

ပုဇွန်မွေးမြူရေးလုပ်ငန်းတွင်လည်း ယခင်ရေငန်တွင်သားပေါက်ဖောက်မှုသာရှိခဲ့ရာ နည်းပညာပြောင်း၍ ယခု ရေချိုတွင်သားပေါက် ဖောက်လုပ်ခြင်းကို ၂၀၂၀ ခုနှစ်က ကျောက်ဖြူ ဇေတိယ ရေငန်သားပေါက်စခန်းတွင် စမ်းသပ်ဖောက်လုပ်ခဲ့ရာ အောင်မြင်မှုရရှိခဲ့ပြီး ထပ်မံလုပ်ဆောင်နိုင်ရန် ဘက်ဂျက်တင်ထားကြောင်း ရေချိုရေငန် နှစ်မျိုးဖြင့်သာ လုပ်ကိုင်လာနိုင်လျှင် ပုဇွန်အထွက်နှုန်းပိုရရှိလာနိုင်မည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

သဘာဝ သားပေါက်ရှားပါးလာရသည့် အဓိကအကြောင်းရင်းမှာ စည်းကမ်းမဲ့ငါးဖမ်းကြ၍ဖြစ်ပြီး ငါးပုဇွန်မွေးမြူရေး လုပ်ငန်း ပြန်လည်ဦးမော့လာဖို့ နည်းပညာနှင့် အခြား အထောက်အပံ့ကို သက်ဆိုင်ရာက ကူညီလိုကြောင်း ကျောက်ဖြူမြို့နယ် ငါး၊ ပုဇွန်မွေးမြူရေး လုပ်ငန်းရှင် ဦးထွန်းကြွယ်က ပြောသည်။

” ကျနော်တို့ဒေသဖက်မှာ သဘာဝ ငါး၊ ပုဇွန်မွေးမြူလာကြတာ နှစ်ပေါင်း ၃၀ လောက်ရှိပြီ၊ ဘဂ်လာဖက်မှာမွေးတဲ့ ကန်ထဲ ရေသွင်း ရေထုတ်စနစ်နဲ့မွေးတာပါ ။ အရင်တုန်းက ပင်လယ် မြစ်ချောင်းတွေမှာ သဘာဝ သားပေါက်တ ွေပေါတော့ အောင်မြင်ကြပါတယ်။ ခုအရှုံးပေါ်တာ ၁၀ စုနှစ်တစ်ခုလောက်ရှိပါပြီ ။ အချို့ဆို ကန်ကိုပစ်ပြီးလုပ်ငန်း ပြောင်းသွားကြတယ် ။ သဘာဝ သားပေါက်ရှားပါးလာရတဲ့အဓိအကြောင်းရင်းက စည်းကမ်းမဲ့ငါးဖမ်းကြလို့ပါ ။ နိုင်ငံခြားမှာလို နည်းပညာ နှင့် အခြား အထောက်အပံ့ကို သက်ဆိုင်ရာက ကူညီမယ်ဆိုရင် ရာနှုံးပြည့်အောင်မြင်ပြီး ငါးပုဇွန်မွေးမြူရေးလုပ်ငန်း ပြန်လည်ဦးမော့လာမှာပါ ၊ မျှော်လည်းမျော်လင့်ပါတယ်”ဟုပြောသည်။

ပြည်နယ်တွင်း မွေးမြူသည့် ငါးမျိုးစိတ်များအနေဖြင့် ငါကြင်း၊ ဆလာဘီးယား၊ ထိုင်းငါးခုံးမ၊ ငါးပြေမ စသည့်ငါး မျိုးစိတ်များရှိပြီး ငါးပြေမကို ထိုင်းမျိုးစိတ်နှင့်မြန်မာမျိုးစပ်၍ မွေးမြူကြကြောင်း ဘူးသီးတောင်၊ မောင်တော၊ မင်းပြားတို့ရှိ မွေးမြူရေးစခန်းများတွင် သားပေါက်ဖောက်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနကပြောသည်။

ရခိုင်တွင် ရေချိုငါမွေးမြူရေးကန်မှာ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တောဒေသတို့တွင် ကန်အရေအတွက် ၁၁၅ ကန်၊ ဧကအားဖြင့် ၄၂၀.၉၁ ရှိပြီး ဂဏန်းကန်မှာ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ၊ တောင်ကုတ်၊ ဂွ ဘက်တို့တွင် ဧကပေါင်း ၁၆၇.၅၀ ကန်အားဖြင့် ၁၅ ကန်ရှိကာ ပုဇွန်ကန်မှာ စစ်တွေခရိုင်၊ မြောက်ဦးခရိုင်နှင့် မောင်တောခရိုင် တို့တွင် စုစုပေါင်း ကန် ၄၆၆၉ ကန်၊ ဧကအားဖြင့် ၈၃၇၂၇.၇၈ ရှိကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ အချက်လက်များအရသိရသည်။

https://www.facebook.com/westernnewsagency/posts/377978997341944

Leave a Reply

Your email address will not be published.