ရခိုင်တွင် မြေဆီစျေးအဆမတန်မြင့်တက်နေမှုကြောင့် လယ်သမားများအခက်အခဲဖြစ်နေ

By Development Media Group (DMG)/ 2021 September 18

ရခိုင်တွင် မြေဆီစျေးအဆမတန်မြင့်တက်နေမှုကြောင့် လယ်သမားများမှာ မြေဆီဝယ်ယူသုံးစွဲရန်အတွက် အခက်အခဲဖြစ်နေကြသည်ဟု လယ်သမားများကပြောသည်။

ယခင်နှစ်များက လင်းပျံ၊ ၊ ကောမတ် မြေဆီအမျိုးအစားတအိတ်လျှင် (၂၉၀၀၀)ကျပ်၊ မြေရှမ်း၊ ဒူဓံ မြေဆီအမျိုးအစားတအိတ်လျှင် (၃၃၀၀၀)ကျပ်သာရှိခဲ့ပြီး လက်ရှိတွင် လင်းပျံနှင့်ကောမတ် မြေဆီအမျိုးစားမှာ ၇၀၀၀၀ ကျပ်အထိ စျေးတဟုန်းထိုးမြင့်လာသည်ဟု လယ်သမားများကပြောဆိုသည်။

မြောက်ဦးမြို့နယ်၊ ဥက္ကံကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သည့် ဦးပန်းလှအောင်က “ဒီနှစ်တော့ ဒူဝံတို့၊ မြေရှမ်းတို့မလာဘူး။ မနှစ်က နှစ်သောင်းကိုးထောင်တန်အမျိုးကပဲ ခုနှစ်သောင်းအထိစျေးတက်နေတော့ စပါးတင်းတစ်ရာကိုမှ စျေးကနှစ်သိန်းပဲရှိတယ်။ ဒီအတိုင်းဆိုရင်လယ်ကရတဲ့ စပါးနဲ့ မြေဆီစရိတ်နဲ့ ကာမိမယ်မထင်ဘူး။ လယ်သမားတွေအရှုံးပေါ်မှာ” ဟုပြောသည်။

လယ်(၁)ဧကလျှင် ပုံမှန်အားဖြင့် မြေဆီ(၁)အိတ်သုံးရသော်လည်း ယခုနှစ်တွင် မြေဆီစျေးမြင့်တက်မှုကြောင့် (၁)ဧကတွင် မြေဆီ ၁ တောင်းခန့်သာသုံးနိုင်သည်ဟု ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ ဦးအောင်သိန်းထွန်းကဆိုသည်။

“မြေဆီကို လုံလုံလောက်လောက်မကြဲနိုင်ဘူး။ စပါးခင်းတွေအကုန်လုံးမျှအောင် ခွဲသုံးနေရတယ်။ စပါးခင်းဆိုတာက မြေဆီကောင်းကောင်းကြဲနိုင်မှ ထွက်နှုန်းကောင်းတာ။ အခုတော့ စပါးတွေက မြေဆီဓာတ်မလုံလောက်တဲ့အတွက် အဖူးတောင်မဖူးနိုင်သေးဘူး” ဟု ပြောသည်။

အလားတူ ရသေ့တောင်မြို့နယ်မှ လယ်သမားအများစုမှာလည်း မြေဆီစျေးမြင့်တက်နေမှုကြောင့် စပါးခင်းများအား မြေဆီမကြဲနိုင်ဘဲထားရသည်ဟု ကန်ပြင်ကျေးရွာမှ ဦးမောင်ထွန်းစိန်က ပြောသည်။

“စျေးက အရင်ထက်တစ်ဆပိုတက်သွားတော့ လယ်သမားတွေအခက်တွေ့ပြီပေါ့။ လယ်သမားဆိုတိုင်း ချမ်းသာကြတာမှမဟုတ်တာ။ တချို့ဆိုရင် မိသားစုတစုစာလောက်ပဲလုပ်နိုင်ကြတာ။အခုစပါးတွေကလည်း အဖူးဖူးနေပြီ။ မြေဆီကြဲရတဲ့အချိန်လည်းရောက်နေပြီ။ ဒါပေမဲ့မြေဆီစျေးကြီးလွန်းလို့ မဝယ်နိုင်တဲ့သူတွေအများကြီးရှိတယ်။ သူတို့တွေမှာဆိုရင် စပါးခင်းတွေကို ဒီတိုင်းပစ်ထားရတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါမြေဆီစျေးနှုန်းမှာ ယခုလအစောပိုင်းက တအိတ်ကို ကျပ် ၅၀၀၀၀ ကျော်၊ ၆၀၀၀၀၀ ဝန်းကျင်အထိသာ စျေးတက်ခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ကျပ် ၇၀၀၀၀ အထိ စျေးထိုးတက်သွားခြင်းဖြစ်သည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် စိုက်ပျိုးမြေဧကပေါင်း ၁၂ သိန်းခန့်ရှိပြီး တောင်သူများစစ်ဘေးရှောင်နေရခြင်း၊ စိုက်ပျိုးရေးစရိတ်ကြီးခြင်းတို့ကြောင့် ယခု ၂၀၂၁ ခုနှစ်တွင် လယ်ဧက ၈၅၀၀၀ ခန့်ကိုသာ စိုက်ပျိုးနိုင်ခဲ့သည်ဟု ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းအရသိရသည်။

https://www.facebook.com/dmgnewsagency/posts/2112691912216542

Leave a Reply

Your email address will not be published.