ရခိုင်တွင် ထွက်နှုန်းကောင်းအိန္ဒိယမျိုးစေ့စပါးကို မူလမျိုးရိုးဗီဇ ပြန်လည်ရရှိအောင်စိုက်ပျိုးထား

By Western News/ 2021 September 15

ရခိုင်ပြည်နယ်တွင် ထွက်နှုန်းကောင်းအိန္ဒိယမျိုးစေ့စပါး(ရခိုင်အခေါ် အိန္ဒိယချေ)ကို မူလမျိုးရိုးဗီဇပြန်လည်ရရှိအောင် မြောက်ဦးခရိုင်မြို့နယ်တချို့တွင်စမ်းသတ်စိုက်ပျိုးထားကြောင်း မြောက်ဦးခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှပြောသည်။

ထွက်နှုန်းကောင်းအိန္ဒိယမျိုးစေ့စပါးကို မင်းပြားမြို့မျိုးသန့်စိုက်ပျိုးရေခြံတွင် ဒသမ ၅ ဧက၊ မြောက်ဦးမြို့နယ်၊ တင်းထိန်ကန်ကျေးရွာတွင် ဒသမ ၅ ဧက၊ လောင်းကြက်ကျေးရွာတွင် ဒသမ ၆ ဧကနှင့် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာတွင် ၅ ဧကနှင့် အင်ဘာရီ(မွတ်ဆလင်) ကျေးရွာတို့တွင် ၂ ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။

အဆိုပါ ထွက်နှုန်းကောင်းအိန္ဒိယမျိုးစေ့စပါးမှာ အရည်အသွေးများကျဆင်းလာသည့်အတွက် မူလမျိုးရိုးဗီဇပြန်လည် ရရှိအောင်စိုက်ပျိုးထားရှိခြင်းဖြစ်ပြီး ထွက်ရှိလာသည့်မျိုးစပါးများကို တောင်သူများအားဝေငှပေးသွားမည်ဟု မြောက်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့တာဝန်ခံ ဦးဝင်းဇော် က Western News ကိုပြောသည်။

“မျိုးစပါးတခုကို နှစ်ကာလကြာရှည်စွာအသုံးပြုရင် သူ့ရဲ့အရည်အသွေးကကျဆင်းလာတယ်။ ဒီမျိုးစပါးတွေကိုတော့ ရခိုင်မှာစိုက်ပျိုးတာ နှစ်အတော်ကြာနေပြီ ဖြစ်တယ်။ ဒါပေမယ့် မူလမျိုးရိုးဗီဇကိုရရှိဖို့အတွက် စိုက်ပျိုးတာကတော့ ပထမဆုံးပါပဲ။ ဒါကြောင့် အိန္ဒိယမျိုးစပါးကို မူလမျိုးရိုးဗီဇပြန်လည်ရရှိဖို့အတွက် ခေါင်နှံ(ပင်မ စပါးနှံ)နဲ့ မျိုးပွားလိုက်တယ်။ ခေါင်နှံနဲ့ မျိုးပွားလိုက်ရင် မျိုးစပါးတခုရဲ့ နဂိုဗီဇကို ပြန်ရတယ်။ စိုက်ပျိုးထားတဲ့ စပါးတွေကိုတော့ ကျနော်တို့က တောင်သူတွေကို ဝေငှသွားမယ်”ဟုပြောသည်။

ထွက်နှုန်းကောင်းအိန္ဒိယမျိုးစေ့စပါး(ရခိုင်အခေါ် အိန္ဒိယချေ)မှာ ရက်ပေါင်း ၁၁၀ ခန့်တွင် ရိတ်သိမ်းနိုင်သည့် သက်တမ်းနု စပါးဖြစ်သည့်အတွက် စပါးရိတ်သိမ်းပြီးချိန်တွင် ဆောင်းသီးနှံဖြစ်စေ၊ နွေစပါးဖြစ်စေ စိုက်ပျိုးရန်ပိုမိုကောင်းမွန်ကြောင်း မြောက်ဦးမြို့နယ်၊ တင်းထိန်ကန်ကျေးရွာမှာ တောင်သူ ဦးမောင်သိန်းလှ က ပြောသည်။

“ဒီစပါးက ရက်ပေါင်း ၁၁၀ လောက်ဆိုရင် ရိတ်သိမ်းရတဲ့ သက်တမ်းနုစပါးတမျိုးဖြစ်တဲ့အတွက် လယ်သမားတွေအတွက်ပိုကောင်းတာပေါ့။ ပြီးတော့ ဒီစပါးကို တစ်မိုးနှစ်သီးစိုက်တာဖြစ်ဖြစ်၊ ဆောင်းသီးနှံစိုက်တာဖြစ်ဖြစ် စိုက်ပျိုးဖို့အတွက် အချိန်ပိုရတာပေါ့။ အဲ့ဒီအပြင် ဒီဒေသအတွက် အကျိုးဖြစ်မယ့် စပါးမျိုးလည်းဖြစ်တယ်။ ရခိုင်မှာက စပါးသုံးမျိုး၊ လေးမျိုးလောက်ကိုပဲ အချိန်အကြာကြီးစိုက်ပျိုးနေကြတော့ တောင်သူတွေအတွက် အကျိုးဖြစ်ထွန်းမှုနည်းတယ်။ ဒီ စပါးက တစ်ဧကမှာ တင်း ၁၀၀ လောက်ထွက်နိုင်တယ်။ ပြီးရင် ရိတ်သိမ်းရမြန်တော့ ပိုပြီးတော့စျေးကောင်းရနိုင်တယ်။ ”ဟုပြောသည်။

အိန္ဒိယမှလာသည့်မျိုးစပါးတစ်မျိုးဖြစ်သည့် (ရခိုင်အခေါ် အိန္ဒိယချေ)ကို စစ်တွေမြို့မှ ရွှေပြည့်ဖြိုး ဆန်စက်လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးသန်းဝင်းက ဘင်္ဂလားဒေ့ရှ်နိုငံ ကုမ္ပဏီတစ်ခုမှ ယူဆောင်လာခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်မှ မြို့နယ်တချို့ကိုဖြန့်ဖြူးကာ စိုက်ပျိုးထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

https://www.facebook.com/westernnewsagency/posts/370975018042342

Leave a Reply

Your email address will not be published.