By Narinjara/ 2021 September 18
သန္တာကျော်ဇော
ရခိုင်မှတက္ကသိုလ်ကျောင်းသား ၄ ဦးကို ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ချမှတ်လိုက်သည့်အပေါ် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်သည်။
ယနေ့ စက်တင်ဘာလ ၁၈ ရက် ညနေပိုင်းတွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ရှုတ်ချလိုက်ခြင်းဖြစ်သည်။
အဆိုပါတက္ကသိုလ်ကျောင်းသား ၄ ဦးကို ယခုကဲ့သို့ထောင်ဒဏ်ချမှတ်လိုက်ခြင်းအပေါ် ပွင့်လင်းမြင်သာမှုမရှိသည့်အတွက် သံသယဖြစ်မိပြီး အမှုကိုအချိန်ကြာရှည်အောင်ဆွဲဆန့်၍ တရားဥပဒေကို အသုံးချကာ ပြည်သူများကိုဖိနှိပ်ရာရောက်သည်ဟုလည်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဦးဆောင်ကော်မတီဝင် ကိုတိုးတိုးအောင်မှ နိရဥ္စရာသို့ပြောသည်။
“အခုလို အမိန့်ချလိုက်တဲ့လူတွေလည်း မိမိဘာသာ တရားမျှတမှုရှိသလို တွေ့လား။ မိမိကိုယ်ကို မေးကြည့်စေချင်တယ်။ ကျနော်တို့အနေနဲ့လည်း ရှေ့ဆက်ပြီးတော့ ဒီအမှုနဲ့ပတ်သက်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်သွားမယ်။ အယူခံဝင်ဖို့၊ မဝင်ဖို့ကိုလည်း သူတို့ ၄ ဦးကိုယ်တိုင်ကိုလည်း ဆုံးဖြတ်ခိုင်းထားတာရှိတယ်”ဟု ပြောသည်။
ထောင်ချခံလိုက်ရသည့်တက္ကသိုလ်ကျောင်းသား ၄ ဦးမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂ(ဒဂုံတက္ကသိုလ်)မှ ကိုကောင်းထွန်းတို့ ၄ ဦးတို့ဖြစ်သည်။၎င်းတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၂၉)တို့ဖြင့် စစ်တွေမြို့နယ်တရားရုံးက စက်တင်ဘာလ ၁၆ ရက်တွင် ထောင်ဒဏ် ၂ နှစ်နှှင့် ၆ လချမှတ်ခဲ့သည်။
၎င်းတို့သည် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်အတွင်းက ရခိုင်စစ်ပွဲအတွင်း အရပ်သားများထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများနှင့် အိုးအိမ်စွန့်ခွာထွက်ပြေးရမှုတို့အတွက် အစိုးရနှင့် စစ်တပ်အား ဆန့်ကျင်ဆန္ဒပြုမှုကြောင့် တရားစွဲ ထောင်ချခံခဲ့ရခြင်းဖြစ်သည်။
https://www.facebook.com/narinjara.info/posts/4696892553656118