ရခိုင်တက္ကသိုလ်ကျောင်းသား ၄ ဦး ထောင် ၂ နှစ်ခွဲချမှတ်ခံလိုက်မှုအပေါ် ရခိုင်အမျိုးသားပါတီလူငယ်အဖွဲ့ ကန့်ကွက်ရှုတ်ချ

By Narinjara/ 2021 September 16

ချစ်အိလှိုင်

ရခိုင်မှတက္ကသိုလ် ကျောင်းသား ၄ ဦးကို စစ်တွေမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ်နှင့် ၆ လချမှတ်လိုက်သည့်အပေါ် ရခိုင်အမျိုးသားပါတီ လူငယ်အဖွဲ့ (ANP Youth Wing) က ကန့်ကွက်ရှုတ်ချလိုက်သည်။

ထိုသို့ ရှုတ်ချကြောင်းကို ယမန်နေ့ စက်တင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်က အစိုးရနှင့် စစ်တပ်ကိုဆန့်ကျင်ဆန္ဒပြမှုကြောင့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ကျောင်းသားများသမဂ္ဂ(ဒဂုံတက္ကသိုလ်)မှ ကိုကောင်းထွန်းတို့ ၄ ဦးကို စစ်တွေမြို့နယ် တရားရုံးက ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်တွင် ထောင်ဒဏ် ၂ နှစ်နှင့် ၆ လချမှတ်ခဲ့သည်။

ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်ခံရမှုမှာ မတရား ပြစ်ဒဏ် ချမှတ်ခံရခြင်းဖြစ်သည်ဟုလည်း ANP Youth Wing ဒုတိယဥက္ကဋ္ဌ ကိုဆန်းဌေးမောင်က နိရဥ္စရာအားပြောသည်။

“ဒါကမတရားပြစ်ဒဏ်ချမှတ်ခံရတယ်လို့ ကျွန်တော်တို့က သတ်မှတ်တယ်။ ကျောင်းသားတွေ၊ လူငယ်တွေရဲ့အနာဂတ်ကို ရိုက်ချိုးလိုက်တာနဲ့အတူတူပဲ။ သူတို့ဟာ မတရားပြစ်ဒဏ်ချမှတ်ခံရတာဖြစ်ပါတယ်။ ဒီလက်ရှိ တာဝန် ယူထားတဲ့ အစိုးရကို ကျောင်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့နဲ့ အဲလိုမျိုး မတရားဖမ်းဆီးတာတွေကို မလုပ်ဖို့ ပြောချင်တယ်” ဟုဆိုသည်။

ပြည်သူဘက်မှ ရပ်တည်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ကျောင်းသားများအား မတရားဖမ်းဆီးခြင်း၊ မတရားပြစ်ဒဏ်ချမှတ်ခြင်းသည် အာဏာရှင်တို့၏ ဥပဒေမဲ့လုပ်ရပ်ဖြစ်သည်ဟု ရှုမြင်သည့်အကြောင်း၊ ဆန္ဒပြတောင်းဆို ခဲ့ကြသည့် ကျောင်းသား ၄ ဦးအား ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းအပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း၊ အဆိုပါ ကျောင်းသားလေးဦးအား ယခုကဲ့သို့ မတရားပြစ်ဒဏ်ပေးထားခြင်းမှ အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်းကိုလည်း ANP Youth Wing ၏ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါတက္ကသိုလ်ကျောင်းသား ၄ ဦးသည် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ် အတွင်းက ရခိုင်စစ်ပွဲအတွင်း အရပ်သားများ ထိခိုက်သေဆုံးမှု ထိခိုက် ဒဏ်ရာရရှိမှုနှင့် အိုးအိမ်စွန့်ခွာရမှုတို့အတွက် အစိုးရနှင့် စစ်တပ်အား ဆန့်ကျင်ဆန္ဒပြုမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၂၉)တို့ဖြင့် တရားစွဲ ထောင်ချခံခဲ့ရခြင်းဖြစ်သည်။

https://www.facebook.com/narinjara.info/posts/4692275454117828

Leave a Reply

Your email address will not be published.