ရခိုင်စစ်ဘေးရှောင်အမျိုးသမီး ၄၅၉ ဦးအတွက် Woman Generation က အမျိုးသမီးအသုံးအဆောင်ပစ္စည်းများလှူဒါန်း

By Narinjara/ 2021 September 25

သဉ္ဇာနွယ်

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း ၆ ခုမှ စစ်ဘေးရှောင်အမျိုးသမီး ၄၅၉ ဦးအတွက် လိုအပ်သော အမျိုးသမီးအသုံးဆောင်ပစ္စည်းများကို Woman Generation အဖွဲ့က သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်တော်မြို့ရှိ မဟာကံကြီးသျှင် စစ်ဘေးရှောင်စခန်း၊ COC စစ်ဘေးရှောင်စခန်း၊ ရှမ်းရွာဘုန်းကြီးကျောင်းစစ်ဘေးရှောင်စခန်း၊ သိမ်ကျောင်းစစ်ဘေးရှောင်စခန်း၊ တောင်မင်းကုလားစစ်ဘေးရှောင်စခန်း၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဗန်ဗွီးစစ်ဘေးရှောင်စခန်း စသည့် စခန်း ၆ ခုမှ စစ်ဘေးရှောင်အမျိုးသမီး ၄၅၉ ဦးကို တစ်ဦးလျှင် အမျိုးသမီးလစဉ်သုံး ၂ ထုပ်နှင့် လိုအပ်သော ဘော်လီနှင့် အတွင်းခံတစ်ထည်စီကို ယနေ့ စက်တင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

“ကျမတို့ ဒီလိုလှူရတဲ့အတွက် ဝမ်းသာပါတယ်။ ကျမတို့တတ်နိုင်သလောက်လေး လှူခဲ့ပါတယ်။ အမျိုးသမီးတွေ အဝတ်မခြောက်သေးဘဲ ဝတ်တာတွေကြားမိလို့ လှူဖြစ်တာပါ။ နောက်ထပ်လည်း လိုအပ်တဲ့နေရာမှာ လှူဒါန်းသွားဖို့ရှိပါတယ်”ဟု Woman Generation အဖွဲ့မှ ဒါရိုက်တာ မခင်မြင့်ဇော်က နိရဥ္စရာကို ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများမှ အရွယ်ရောက်ပြီးသည့်အမျိုးသမီးများတွင် အမျိုးသမီးအသုံးအဆောင်ပစ္စည်းများလိုအပ်နေကြသည့်အတွက် ယခုကဲ့သို့ လှူဒါန်းခြင်းဖြစ်သည်ဟုလည်း သိရသည်။

ကျောက်တော်မြို့နယ် COC စစ်ဘေးရှောင်စခန်းမှ မလှနှင်းဆီက “လိုအပ်တာကိုရတော့ အမျိုးသမီးတစ်ယောက်အနေနဲ့ ပျော်ပါတယ်။ နောက်ထပ်အများကြီးလှူဒါန်းနိုင်ပါစေ”ဟု ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၉ သောင်းကျော်ရှိနေပြီး ယင်းအထဲတွင် အမျိုးသမီးဦးရေ ၅ သောင်းကျော်ရှိသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)၏စာရင်းအရ သိရသည်။

https://www.facebook.com/narinjara.info/posts/4720158087996231

Leave a Reply

Your email address will not be published.