ရခိုင်စစ်ဘေးရှောင်များ ထောက်ပံ့မှုမရရှိဘဲ ၂ လ နီးပါချေးငှားစားသောက်နေရ

By Western News/ 2021 September 6

ရခိုင်ပြည်နယ်တွင် ကိုဗစ် ၁၉ တတိယလှိုင်းဖြစ်ပွားမှုကြောင့် စစ်ဘေးဒုက္ခသည်များကို ပုံမှန် ထောက်ပံ့ပေးနေသည့် ICRC, WFP တို့က ထောက်ပံ့မှုရပ်တန့်ခဲ့သည့်အတွက် လက်ရှိတွင် ထောက်ပံ့မှုပြန်ရသော်လည်း စားနပ်ရိက္ခာ လုံလောက်မှုမရှိဖြစ်နေကြသည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံများနှင့် စစ်ဘေးဒုက္ခသည်များကပြောသည်။

စစ်ဘေးရှောင်ဒုက္ခသည်စခန်းများကို အစိုးရအဖွဲ့အစည်းဖြစ်သည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ ဆန်ထောက်ပံ့မှု ၊ နိုင်ငံခြားအဖွဲ့အစည်းများဖြစ်သည့် WFPက စစ်ဘေးရှောင်ဒုက္ခသည် တစ်ဦးလျှင် တစ်လကို ငွေ ၁၅၀၀၀ကျပ်စီ (သို့မဟုတ်) ICRCမှာ မီးဖိုချောင်သုံး စားသောက်ကုန်များကို ထောက်ပံ့ပေးခဲ့ကြသည်။

ကိုဗစ်တတိယလှိုင်း ပြင်းထန်စွာဖြစ်ပွားနေသည့်အတွက် WFPနှင့် ICRCတို့ ကလည်း ဇွန်လမှစ၍ ထောက် ပံ့မှုရပ်တန့်ခဲ့သည့်အပြင် လူကယ်ပြန်မှ ဆန်ရိက္ခာထောက်ပံ့မှုလည်း ပုံမှန်မရသည့်အတွက် ၎င်းကာလအတွင် စားနပ်ရိက္ခာအခက်အခဲများစွာရှိခဲ့သည်ဟု စခန်းတာဝန်ခံများနှင့် စစ်ဘေးရှောင်ဒုက္ခသည်များက ပြောဆို ကြသည်။

ထောက်ပံ့မှုများရပ်တန့်ခဲ့သည့် ၃ လအတွင်းတွင် စစ်ဘေးဒုက္ခသည်များမှာ ချေးငှားစားသောက်ခဲ့ကြရသည့်အတွက် လက်ရှိထောက်ပံ့မှုပြန်ရသော်လည်း စားနပ်ရိက္ခာမှာလုံလောက်မှုမရှိဖြစ်နေဆဲဖြစ်သည်ဟု ကျောက်တော် မြို့နယ်တွင် အကြီးဆုံးစစ်ဘေး‌ရှောင်စခန်းတစ်ခုဖြစ်သည့် ညောင်ချောင်း စစ်ဘေး‌‌ရှောင်စခန်းမှ စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်ကပြောသည်။

“စက်တင်ဘာ ၂ ရက်နေ့က WFPက ၆ လပိုင်းအတွက် ငွေ ထောက်ပံ့မှုကို ရပါတယ်။ ၇ ပိုင်းနဲ့ ၈ လပိုင်းအတွက်တော့ မရသေးပါဘူး။ ထောက်ပံ့မှုတွေ ရပ်တန့်ခဲ့တဲ့ ၃ လအတွင်းမှာ လူကယ်ပြန်က ဆန်ထောက်ပံ့တဲ့ဟာလည်း ပုံမှန်မရပါဘူး။ တစ်လ အတွက်ပေးပေမယ့် တစ်လပြည့်ရင် ထပ်မရောက်ပါဘူး။ အဲ့ဒီအခါ စစ်ဘေးရှောင်တွေက ချေးငှားစားသောက်ကြရပါတယ်။ သြဂုတ်လ ၁၅ ရက်နေ့က ဆန် ၁ လစာ ထောက်ပံ့မှုရထားပါတယ်။ဒါပေမယ့် ဒီကြားထဲ သူတို့မှာ ချေးငှားစားသောက်ရတော့ ပြန်ဆပ်လိုက်ရလို့ စားနပ်ရိက္ခာမလုံလောက်ဘဲ အခက်အခဲက ဆက်ပြီး ခက်ခဲနေဆဲဖြစ်ပါတယ်” ဟုပြောသည်။

အလားတူ မြောက်ဦးမြို့နယ်ရှိ စစ်ဘေးဒုက္ခသည် ၇၀၀ နီးပါးရှိသည့် ကုလားချောင်း စစ်ဘေး‌ရှောင်စခန်းတွင်လည်း WFPမှ ၆ လပိုင်း တွင် ထောက်ပံ့မှုရရှိခဲ့ပြီးဖြစ်သော်လည်း လူကယ်ပြန်မှ ဆန်ရိက္ခာမရရှိသည် မှာ ၁ လကျော် ကြာမြင့်နေပြီဖြစ်သည့်အတွက် စားနပ်ရိက္ခာပြတ်လပ်နေသည်ဟု စခန်းတာဝန်ခံ ဦးမောင်သာစိန် ကပြောသည်။

“WFPက‌‌တော့ ၆ လပိုင်းအတွက်‌ငွေ အထောက်အပံ့ကို သြဂုတ်လ ၂၆ ရက်နေ့က ရထားပါပြီ။ လူကယ်ပြန်ကတော့ သြဂုတ်လ အတွက်တောင် ဆန်ရိက္ခာမရောက်သေးပါဘူး။ ဆန်ရိက္ခာမရောက်တာ ၁ လကျော်နေပါပြီ ။ ခု စခန်းက မိသားစုတွေမှ ဆန်ရိက္ခာတွေမရှိတော့လို့ ဆန်ရိက္ခာလိုအပ်နေပါတယ်”ဟုပြောသည်။

ရခိုင်ရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်းများတွင် စားနပ်ရိက္ခာအပြင် ကျန်းမာရေးစောင့်ရှောက်မှုများလည်း အားနည်းနေသည်။ ဒုက္ခသည်စခန်းများတွင် တစ်ပတ်တစ်ကြိမ်ခန့် ကျန်းမာရေးစောင့်ရှောက်မှုများရှိသော်လည်း အရေးပေါ် အခြေအနေများတွင် မိမိတို့ ‌ငွေကြေးဖြင့် ဆေးကုသမှုခံယူကြရကြောင်း စစ်ဘေးဒုက္ခသည်များက ပြောသည်။

စားနပ်ရိက္ခာထောက်ပံ့မှုများရပ်တန့်ခဲ့သည့်ကာလအတွင်း အရေးပေါ်ကျန်းမာ‌ရေး အခြေအေနများတွင် ‌ငွေကြေးမရရှိ၍ ချေးငှားကာ ဆေးကုသမှုများခံယူခဲ့ကြရသည့် မိသားစုများတွင် လက်ရှိ အကြွေးများတင်နေကြသည်ဟု မြေပုံ မြို့နယ်၊ ကမ်းထောင်းကြီး စစ်ဘေး‌‌‌ရှောင်စခန်းမှ စစ်ဘေးရှောင်ဒုက္ခသည် မလုံးလုံးကပြောသည်။

“ပြီးခဲ့တဲ့ ၂ ရက်လောက်ကတော့ ဆန်တစ်ပတ်စာ ရထားပါတယ်။ ဒီကြားထဲ ရိက္ခာတွေ လာထောက်ပံ့တာတွေတော့ မတွေ့ရပါဘူး။ ကိုဗစ်ဖြစ်တုန်းက စခန်းအပြင်ထွက်ပြီး အလုပ်မလုပ်ရတဲ့အပြင် ထောက်ပံ့မှုတွေရပ်တန့်ခဲ့ လို့ တစ်ခချို့ မိသားစုတွေမှာ ကျန်းမာရေးမကောင်းရင် ဆေးကုသဖို့ငွေမရှိတဲ့အတွက် ချေးငှားကုသရလို့အကြွေး တင်နေကြ တာတွေလည်းရှိနေကြပါတယ်” ဟုပြောသည်။

စစ်ပွဲများရပ်တန့်နေသည်မှာ ၁၀ လကျော်အထိကြာမြင့်နေပြီဖြစ်သော်လည်း စစ်ဘေးဒုက္ခသည် ထက်ဝက်ကျော် ခန့်မှာ နေရပ်ကို မပြန်နိုင်ကြသေးဘဲ စစ်ဘေးရှောင်စခန်းများနှင့် နီးစပ်ရာဆွေမျိုးများထံတွင် ခိုလှုံနေကြရဆဲဖြစ်သည်။

ကျေးရွာအနီး စစ်တပ်မှ တပ်စွဲထားမှုများ၊ တောတောင်ကို အမှီပြုကာ လုပ်ကိုင်စားသောက်ကြရသည့် အခါတောင်သူများအတွက် မြေမြှပ်မှိုင်း အန္တရာယ်များ၊ စစ်ပွဲများပြန်မဖြစ်ဟု အာမခံချက်တစ်စုံတစ်ရာ မရှိသည့် အတွက်နှင့် စစ်ပွဲအတွင်း နေအိမ်များ မီးရှို့ ခံလိုက်ရသည့်အတွက် စသည့် အကြောင်းများကြောင့် စစ်ဘေး‌ရှောင် ၁ သိန်း‌ကျော်ခန့် မှာ နေရပ်မပြန်နိုင်သေးဘဲ လက်ရှိအချိန်ထိ စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေကြရဆဲဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/365099765296534

Leave a Reply

Your email address will not be published.