ရခိုင်က စစ်ဘေးရှောင်စခန်းတစ်ခုတွင် ကိုဗစ်ကာကွယ်ဆေးထိုးထားသူ ၃၀ ကျော် ကိုဗစ်လက္ခာဏာပြ၍ အနီးကပ်ကျန်းမာရေးစောင့်ရှောက်မှုပေးနေရ

By Development Media Group (DMG)/ 2021 September 20

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်မင်းကုလား စစ်ရှောင်စခန်းတွင် ကိုဗစ်တတိယလှိုင်းအတွင်း ကာကွယ်ဆေး တစ်ကြိမ်ထိုးထားသူ ၃၃ ဦးခန့်မှာ ဖျားနာပြီးအနံ့မရဖြစ်နေသည့်အတွက် အနီးကပ်ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေရကြောင်း သတင်းရရှိသည်။

အဆိုပါစခန်းမှ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်းနှင့် အနံ့မရခြင်းတို့ဖြစ်ပေါ်နေသူ ၃၃ ဦးရှိရာ ယင်းအထဲတွင် သက်ကြီးပိုင်း ၅ ဦးနှင့် အသက် ၁၀ နှစ်အရွယ် ကလေးနှစ်ဦးလည်းပါဝင်နေကြောင်း စခန်းတာဝန်ခံ ဦးအောင်ကျော်ဝင်းကပြောသည်။

“အခုလိုဖြစ်နေတာ သုံးပတ်လောက်ရှိပြီ။ သက်သာတဲ့သူက သက်သာလာတာရှိပါတယ်။ ဖျားကြတယ်၊ အနံ့မရဖြစ်ကြတယ်ပေါ့။ အဲလိုဖြစ်နေတဲ့သူတွေကို သီးသန့်ထားတာတော့ရှိပါတယ်။ ကိုဗစ်စည်းကမ်းနဲ့အညီနေခိုင်းပါတယ်။ အခု အဲလိုဖြစ်နေတဲ့သူတွေက တတိယလှိုင်းအတွင်း ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်ထိုးပေးထားတဲ့သူတွေပါ”ဟု ၎င်းကဆိုသည်။

စခန်းအတွင်း အနံ့မရဖြစ်သူများ ယခုထက်တိုးလာပြီးလိုအပ်ပါက စခန်းအားလော့ဒေါင်းချသွားမည်ဖြစ်ကြောင်းလည်း စခန်းတာဝန်ခံ ဦးအောင်ကျော်ဝင်းက ဆက်ပြောသည်။

လက်ရှိ အနံ့မရဖြစ်နေသူများထဲမှ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ယခုကဲ့သို့ဖျားနာပြီးအနံ့မရဖြစ်နေသည့်အတွက် ရောဂါအခံရှိသူများအနေဖြင့် စိုးရိမ်ကြောင်းပြောသည်။

“ကျွန်မက နှလုံးမကောင်းတော့ စိုးရိမ်ရပါတယ်။ အစားအသောက်လည်း မဝင်ဘူး။ အနံ့လည်းမရဘူး။ အရင်တုန်းကဖျားရင် ဒီလို မဖြစ်ဖူးပါဘူး။ ညဘက်တွေအိပ်ရင်လည်း ရင်ကျပ်တာမျိုးတွေဖြစ်တယ်”ဟု ၎င်းကပြောသည်။

လက်ရှိ အဆိုပါစစ်ဘေးရှောင်စခန်းတွင် အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း ကျောက်တော်မြို့နယ် ဆရာဝန် ဒေါက်တာသန်းထွန်းဦးက DMG သို့ ပြောသည်။

“စခန်းတွင်းမှာတော့ အနံ့မရသူတွေကို ကော်ရတင်းချထားပါတယ်။ ဒါပေမယ့် ဖြစ်တဲ့သူအများစုက ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်ရထားကြတဲ့သူတွေဖြစ်နေတဲ့အတွက် ကျွန်တော်တို့က အနီးကပ်စောင့်ကြည့်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးတာတွေကို လုပ်ပေးနေပါတယ်။ စိုးရိမ်ရတဲ့လူနာတော့ မရှိသေးပါဘူး”ဟု ဆိုသည်။

တောင်မင်းကုလားစစ်ရှောင်စခန်းတွင် စစ်ဘေးရှောင်ဦးရေ ၅၃၁ ဦး ခိုလှုံနေထိုင်လျက်ရှိပြီး ရခိုင်၊ မြိုနှင့် ခမီတိုင်းရင်းသားတို့ ပါဝင်ကြသည်။

ရခိုင်တွင် ကိုဗစ်တတိယလှိုင်းအတွင်း အတည်ပြုလူနာစုစုပေါင်း ၄၆၁၄ ဦးအထိရှိပြီး ယင်းအထဲမှသေဆုံးသူ ၄၄၄ ဦးအထိရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စက်တင်ဘာလ ၁၈ ရက်နေ့အထိ စာရင်းအရ သိရသည်။

https://www.facebook.com/dmgnewsagency/posts/2114105598741840

Leave a Reply

Your email address will not be published.