ရက္ခိုင့်တပ်တော်(AA)ကို ကိုဗစ်ကာကွယ်ဆေးနှင့်ပတ်သက်ပြီး စကစမှ ကမ်းလှမ်းမှုရှိဟုဆို

By Narinjara/ 2021 September 21

ရက္ခိုင့်တပ်တော်(AA) ကို ကိုဗစ်ကာကွယ်ဆေးနှင့် ပတ်သက်ပြီး စကစ (စစ်ကောင်စီ) က ကမ်းလှမ်းမှုရှိသည်ဟု ရခိုင်ဘာသာစကားဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ(၂၁) ရက်၊ အင်္ဂါနေ့စွဲဖြင့် ထုတ်ပြန်ချက်ကို ဦးခိုင်သုခ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်ကောင်စီ၏ ပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ရက္ခိုင့်တပ်တော် (AA)အား ကာကွယ်ဆေးများ ထိုးပေးသွားမည် ဖြစ်ကြောင်း ဘီဘီစီ (မြန်မာပိုင်း)သို့ ထုတ်ဖော်ပြောဆိုပြီးနောက် “Covid-19 ကာကွယ်ဆီးထိုးနှံခြင်းနန့်ပတ်သက်၍” ခေါင်းစဉ်ဖြင့် ယခု ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

၎င်းထုတ်ပြန်ချက်အထဲတွင် “ကိုဗစ်ကာကွယ်ဆေးအပါအဝင် ယင်းရောဂါနှင့် ပက်သက်လို့ ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ၊ ကာကွယ်ဆေးများကို ဘယ်နေရာမှာ ဘယ်လောက် လိုအပ်သလဲလို့ ကျတော်တို့ဆီကို စကစဖက်က မေးဖူးကြောင်း၊ မိမိတို့ဖက်ကလည်း သင့်တင် လျောက်ပတ်သည့်အတိုင်းအတာအထိ ပေးနိုင်သလောက် ပေးနိုင်ကြောင်း အကြောင်းပြန်ထားပါသည်” ဟု ရေးသား ဖော်ပြထားသည်။

သို့သော်လည်း ရက္ခိုင့်တပ်တော် (AA) အနေဖြင့် မိမိတို့ထက် ပြည်သူများ အတွက်အဓိက ဦးစားပေး စဉ်းစားပါကြောင်း၊ အခြားတဖက်တွင်လည်း စစ်မှန်သော Covid-19 ကာကွယ်ဆေးကို ထိုးသင့်သော သူများထိုးနိုင်ရန် အတွက် တစ်ခြား ရွေးချယ်စရာ နည်းလမ်းများကိုလည်း ရှာဖွေနေပါကြောင်း ဖော်ပြထားသည်။

စကစမှ ထောက်ပံ့သော ကိုဗစ်ကာကွယ်ဆေးများကို ရရှိပါက မြိုနယ်(၆) မြို့နယ်ဖြစ်ကြသည့် မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်၊ ရသေ့တောင်၊မောင်တော မြို့ကို ဦးစားပေးအနေဖြင့် ထိုးပေး သွားမည်ဖြစ်ကြောင်း၊ အရေအတွက် (၄၀၀၀၀) ဖြစ်ပါက လက်ရှိအတိုင်း စဉ်းစားထားပါကြောင်း ဖော်ပြထားသည်။

သို့သော်လည်း ဆေးအရေအတွက်မှာ ပိုများပါက နောက်တစ်မျိုး ထပ်တိုးစဉ်းထားပြီး လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ အရေအတွက် ဘယ်လောက်ထိုးပေးရန်နှင့် ကျန်းမာရေးဝန်ထမ်းများက ဘယ်လောက်အထိ လားရောက်ထိုးပီးနိုင်မှလဲ၊ ဘယ် အချိန်ထိုးပေးမှာလဲဆိုသည့် အပေါ်မှာ မူတည်ပြီး ကာကွယ်ဆေးများကို နည်းမှန်လမ်းမှန်ဖြင့် ထိုးရန် စဉ်းစားထားပါသည်ဟု ရေးသားထားသည်။

စေတနာနှင့် ရည်ရွယ်ချက်ကို မကွဲပြားနိုင်သည့် အနေအထား၌ စစ်ရေး၊ လုံခြုံရေးဆိုင်ရာကို အလေးအနက်ထားပြီး အခြေအနေကို အကဲဖြတ် သတိထားကာ သုံးသပ်ချင့်ချိန်လျက် ဆက်လက်လုပ်ဆောင်သွားမည်ဟု ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA)၏ ပြောခွင့်ရသူ ဦးခိုင်သုခအား ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါသည်။

https://www.facebook.com/narinjara.info/posts/4705681096110597

Leave a Reply

Your email address will not be published.