By Western News/ 2021 September 13

ရခိုင်ပြည်နယ်တွင် ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီ၌ မြေဆီဩဇာဈေးနှုန်းများမြင့်မားမှုကြောင့် လယ်ယာများတွင် မြေဆီများလျော့သုံးခဲ့ရသည့်အတွက် စပါးအထွက်နှုန်း တင်း သိန်း ၄၀၀ ခန့်လျော့ကျနိုင်ခြေရှိသည်ဟု ရခိုင်ပြည်နယ် တောင်သူလယ်မားသမဂ္ဂမှပြောသည်။
လယ်ယာမြေများတွင် မြေဆီအသုံးပြုမှုလျော့နည်းသည့်အတွက် စပါးအထွက်နှုန်းလျော့နည်းနိုင်ရာ လယ်သမား များနှင့် စားသုံးသူပြည်သူများအားရိုက်ခတ်မှုရှိနိုင်ပြီး လယ်သမားများကိုပို၍ ထိခိုက်မှုရှိနိုင်ကြောင်း ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂ၏ ဥက္ကဋ္ဌ ဦးကျော်ဇံ ကပြောသည်။
“မြေဆီကြဲနှုန်းလျော့ကျတဲ့အပေါ်မူတည်ပြီးတော့ ၄၀ ရာခိုင်နှုန်းလောက်စပါးအထွက်နှုန်းလျော့ကျသွားနိုင်တယ်။ ပုံမှန်နှစ်တွေမှာဆိုရင် စပါးအထွက်နှုန်းက အစိုးရစာရင်းအရ တင်း သိန်း ၇၂၀ လောက်ထွက်တယ်လို့သိရတယ်။ ဒီနှစ်မှာတော့ တင်း သိန်း ၃၈၀၊ ၄၀၀ လောက်ပဲထွက်မယ်လို့ခန့်မှန်းရတယ်။ စပါးအထွက်နှုန်းလျော့ကျတော့ နောက်ဆက်တွဲအနေနဲ့ လယ်သမားတွေကိုထိခိုက်နိုင်တယ်။ နောက်ပြီး ရခိုင်တစ်မျိုးသားလုံးစားသုံးမှုအရ အခြေနေတစ်ခုရှိမယ်။ တိုက်ရိုက်အကျိုးဆက်ကတော့ တောင်သူတွေကပိုပြီးဆိုးဝါးနိုင်တယ်” ဟုပြောသည်။
ယခုနှစ်စပါးထွက်နှုန်းမှာ ပြည်တွင်းအတွက်ဖူလုံမှုရှိနိုင်သည်ဟုဆိုသော်လည်း စပါးများမှာ လယ်သမားများ ထံတွင် အခြေမခံနိုင်ဘဲ ကုန်သည်ပွဲစားများထံတွင်သာကျန်ရှိနိုင်ကြောင်း သို့ဖြစ်၍ အခြေခံလူတန်းစားများ စားဝတ်နေရေး ပိုင်းတွင် ဈေးနှုန်းမြင့်မားပြီး ကျပ်တည်းမည့်အနေထားတွင်ရှိကြောင်း သူကဆက်ပြောသည်။
“စပါးအထွက်နှုန်းကျမယ့်ရာခိုင်နှုန်းကများနေတော့ တောင်သူတွေကိုသွားပြီးထိခိုက်မယ်။ နောက်ပြီး အမျိုးသား စားသောက်ရေးဖူလုံမလား မဖူလုံဘူးလားပေါ့။ အဲ့ဒီအပိုင်းကို ကျနော်တို့က ကိန်းဂဏန်းတွေနဲ့တွက်ချကြည့်တော့ ရခိုင်တပြည်လုံးအနေနဲ့တော့ စားသုံးမှုဖူလုံတဲ့အနေအထားတော့ရှိတယ်လို့ပြောလို့ရတယ်။ ဒါပေမယ့် အဲစပါး အားလုံးက လယ်သမားတွေဆီမှာ အခြေခံမှာမဟုတ်ဘူး။ လယ်သမားတွေက စိုက်ပျိုးစရိတ်မဖူလုံတာကြောင့် ချေးငှားရတာ တွေရှိတာတစ်ကြောင်း မိသားစုစားဝတ်နေရေးကတစ်ကြောင်းဆိုတော့ သူတို့ဆီမှာကျန်မှာ မဟုတ်ဘူး။ အဲ့စပါးတွေက ကုန်သည်ပွဲစားတွေဆီမှာပဲ ကျန်နေမှာပေါ့။ ဒီတော့ အခြေခံလူတန်းစားတွေကတော့ စားဝတ်နေရေးတွေ ကျပ်တည်းခက်ခဲမယ်လို့ပြောလို့ရပါတယ်။
”စပါးအထွက်နှုန်းကျမည့် ကိစ္စနှင့်ပတ်သက်၍ မြောက်ဦးမြို့မှ လယ်သမားဦးအေးကျော်က စပါးအထွက်နှုန်းသာ လျော့ကျမည်ဆိုလျှင် ကြွေးမြီကြားထဲမှ ရုန်းထွက်နိုင်ရန်မသေချာတော့ကြောင်း ပြောသည်။
“ဒီနှစ်စပါးစိုက်ရတဲ့ထဲမှာ မြေဆီဈေးတစ်ခုတည်းဘဲ ဈေးမြင့်နေတာမျိုးမဟုတ်ဘူး။ တခြားစရိတ်တွေလည်း အကုန် မြင့်တယ်။ ပျိုးစိုက်ဖို့ လူတစ်ယောက်ငှားရင် တစ်ရက်ကို အနည်းဆုံး ၁၀၀၀၀ ပေးပြီးငှားရတယ်။ ဒီပုံစံထဲမှာ စပါးပေါ်ချိန် အထွက်နှုန်းထပ်ကျမယ်ဆိုရင် အကြွေးတွေထဲက ရုန်းနိုင်မှာမဟုတ်တော့ဘူး” ဟုဆိုသည်။
ယခင်နှစ်များ၌ စပါးစိုက်ပျိုးရာတွင်အသုံးပြုသည့် မြေဆီဩဇာတစ်အိပ်ကို ၂၈၀၀၀ ကျပ်နှင့် ၃၅၀၀၀ ကျပ်လောက်သာ အသီးသီးရှိခဲ့ပြီး ယခုနှစ်တွင် ၅၈၀၀၀ ကျပ်မှ ၆၃၀၀၀ ကျပ်ထိဈေးနှုန်းများ ပိုမြင့်တက်နေမှု ကြောင့် မြေဆီသုံးစွဲရသည့် စပါးစိုက်တောင်သူများမှာ လိုအပ်သလောက်အသုံးမပြုနိုင်၍ ယခုကဲ့သို့ စပါးထွက်နှုန်း လျော့ကျနိုင်ခြေနှင့်ကြုံလာခြင်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/369713758168468