By Western News/ 2021 September 7
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ မွတ်ဆလင်ကျေးရွာများမှ မှုခင်းဖြစ်စဉ်အကြောင်းအရာများကို ULA/AA သို့ တိုင်ကြားခြင်းမပြုလုပ်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးများကို စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၈ နာရီအချိန်က ကျောက်တော်မြို့ ခမရ ၃၇၅ တပ်ရင်းတွင်အစည်းအဝေးခေါ်ယူကာ ညွှန်ကြားခဲ့ကြောင်းသိရသည်။
မွတ်ဆလင်အုပ်ချုပ်ရေးမှူးများကို ခမရ ၃၇၅ တပ်ရင်း အစည်းအဝေးခန်းမတွင် တပ်ရင်းမှူး အောင်သူရကိုနှင့် စကခ ၉ မှ ဗိုလ်မှူး ကျော်မင်းအောင်တို့က ယခုလိုခေါ်ယူညွှန်ကြားခဲ့ခြင်းဖြစ်ပြီး မွတ်ဆလင်အုပ်ချုပ်ရေးမှူး ၁၈ ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
ညွှန်ကြားရာတွင် ULA/AA မှာ တရားဝင်အစိုးရမဟုတ်သည့်အတွက် မှုခင်းဖြစ်စဉ်များကို မတိုင်ကြားရန်နှင့် မှုခင်းဖြစ်စဉ်များဖြစ်ပွားခဲ့လျှင်တရားဝင်အစိုးရဖြစ်သည့် သက်ဆိုင်ရာသို့ တိုင်ကြားရန် ညွှန်ကြားခဲ့သည်ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အုပ်ချုပ်ရေးမှူးတစ်ဦးက Western News ကို ပြောသည်။
“တရားမဝင်လက်နက်ကိုင်တွေနဲ့ ပြဿနာတွေမဖြေရှင်းကြဖို့ပြောတယ်။ AA လက်နက်ကိုင်တွေက တရားမဝင်ဘူး။ ကျနော်တို့အစိုးရကသာ တရားဝင်အစိုးရဖြစ်တယ်လို့ သူတို့ကပြောတယ်။ မူခင်းတွေဖြစ်ရင်ထွေအုပ်တို့၊ ရဲစခန်းတို့ကို တိုင်ကြားရမယ်လို့ပြောတယ်။ သူတို့မလာရင် စစ်တပ်ကို အကြောင်း ကြားဖို့ပြောတယ်။ သတင်းတွေ ထူးရင်လည်း သူတို့ကိုအကြောင်း ကြားဖို့ပြောတယ်။ AA အဖွဲ့က ရွာတွေမှာ ပြဿနာ လာဖြေရှင်းတာတွေရှိရင်ပေါ့”ဟုပြောသည်။
လက်ရှိတွင် ၎င်းတို့ကျေးရွာအတွင်း ULA/AA မှ တရားစီရင်ရေးလုပ်ဆောင်ခြင်းများမရှိဘဲ ကျေးရွာလူကြီးများက မှုခင်းဖြစ်စဉ်များကို ကိုင်တွယ်ဖြေရှင်းနေခြင်းသာဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ပြောသည်။
အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် နောက်ထပ် မွတ်ဆလင်အုပ်ချုပ်ရေးမှူးတစ်ဦးက” AA က မူဆလင်ကျေးရွာတွေမှာ အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းဖို့ပြောတာတွေ၊ မွတ်ဆင်လင်အုပ်ချုပ်ရေးမှူးတွေကိုသင်တန်းပေးဖို့ ပြောတာနဲ့ ရဲသင်တန်းတွေပေးဖို့ လုပ်နေတယ်ဆိုတာကို သူတို့သိနေရတယ်လို့ပြောတယ်။ အဲဒီလုပ်ငန်းစဉ်တွေမှာ ကျနော်တို့ မွတ်ဆင်လင်တွေကို ပူးပေါင်းပါဝင်ဆောင်ရွက်တာတွေ မလုပ်ကြဖို့ပြောတယ်။ ပူးပေါင်းဆောင်ရွက်ခဲ့လို့ ရှိရင် တရားဥပဒေအရ အရေးယူခံရမယ်လို့ ပြောတယ်”ဟုပြောသည်။
အဆိုကိစ္စနှင့်ပတ်သတ်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီမှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။
ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်နေ့ကလည်း ကျောက်ဖြူမြို့အခြေစိုက် ခလရ ၃၄ တပ်ရင်းမှ တပ်နယ်မှူးက ကျောက်ဖြူမြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အစည်းအဝေးခေါ်ယူကာ ULA ၏ တရားစီရင်ရေးနှင့် လှုပ်ရှားမှုများကို သတင်းပေးတိုင်ကြားကြရန် ညွှန်ကြားခဲ့သည်။
https://www.facebook.com/westernnewsagency/posts/365663265240184