မြောက်ဦးရှိ ရှေးဟောင်းဘုရားပရိဝုဏ်များအတွင်း မူးယစ်ဆေးသုံးစွဲခြင်းနှင့် စုံတွဲများချိန်းတွေ့ခြင်းတို့ကို ကြပ်မတ်တားဆီးပေးရန် ဒေသခံများတောင်းဆို

By Narinjara/ 2021 September 8

သဥ္ဇာနွယ်

ရခိုင်တို့၏ ရှေးဟောင်းသမိုင်းဝင် မြောက်ဦးရှိ ဘုရား၊ ပုထိုး၊ စေတီပရိဝုဏ်များ အတွင်း မူးယစ်ဆေးဝါးသုံးစွဲခြင်းများနှင့် စုံတွဲများချိန်းတွေ့ခြင်းတို့ကို ကြပ်မတ် တားဆီးပေးရန် အရေးတကြီးလိုအပ်နေသည်ဟုမြို့ခံများနှင့် ဘုရားဖူး ပရိသတ်များက ပြောသည်။

မြောက်ဦးရှိ ဘုရား၊ ပုထိုး၊ စေတီများအတွင်း ချောင်ကျသည့်နေရာများတွင် လူငယ်များ မူးယစ်ဆေးဝါးများသုံးစွဲနေကြခြင်း၊ လူငယ်စုံတွဲများ ချိန်းတွေ့ပြီး မဖွယ်မရာပြုမူမှုများနှင့် ဘုရား၊ ပုထိုး၊ စေတီများပေါ် တက်၍ သော်လည်းကောင်း၊ နောက်ခံထား၍သော်လည်းကောင်း မသင့်လျော်သည့် အနေအထားများဖြင့် ဓာတ်ပုံများရိုက်နေကြမှုမှာ ဘုရားဖူးပရိသတ်များအတွက် စိတ်အနှောင့်အယှက်ဖြစ်ရသည်ဟု မြောက်ဦးမြို့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါ်ခင်သန်းက နိရဥ္စရာ သတင်းဌာနကို ပြောသည်။

ယင်းအပြင် ယခုလုပ်ရပ်များမှာ ဗုဒ္ဓဘာသာဝင်ဖြစ်သော ရခိုင်လူမျိုးများ အတွက် သိက္ခာကျ၊ အရှက်ရစရာကောင်းသည့်အတွက် သာသနာကို ညှိုးနွမ်းစေသော အပြုအမှုများကို မလုပ်ကြရန် မိဘများအနေဖြင့် မိမိသားသမီးများအပေါ် ဆိုဆုံးမထားသင့်သည်ဟုလည်း ပြောသည်။

“ဘုရားပေါ်မှာ ချိန်းတွေ့တာမကောင်းဘူးပေါ့။ ဘုရားဖူးသူတွေ အနှောင့်အယှက်ဖြစ်တယ်။ ဒီလိုမျိုးလွတ်လပ်တဲ့နေရာမှာ မချိန်းတွေ့ဘဲ သာသနိကအဆောက်အဦမှာ ချိန်းတွေ့တာက ဗုဒ္ဓဘာသာအနေနဲ့ မကောင်းဘူး။ ထိန်းချုပ်ဖို့တော့ခက်ပေမဲ့ ကျမတို့ ရှေးဟောင်း သုတေသနအနေနဲ့ အသိပေးဟောပြောပွဲတွေလုပ်ပေမဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ရော၊ မိဘတွေအနေနဲ့လည်း ထိန်းချုပ်ဖို့လိုပါတယ်”ဟု ပြောသည်။

ယခုနောက်ပိုင်းတွင် မြောက်ဦး၌ စစ်ရေးနှင့် ကိုဗစ်ကပ်ဘေးတို့ကြောင့် ကမ႓ာလှည့်ခရီးသည်များနှင့် ပြည်တွင်းဘုရားဖူး ပရိသတ်များ အလာ နည်းနေသည်ကိုအခွင့်ကောင်းယူကာ မြို့ခံလူငယ်များသည် ဘာကိုမျှ ဂရုမစိုက်ဘဲ ယခင်ကထက် ပိုမိုလုပ်ဆောင်လာနေကြသည်ဟု ဘုရားဖူး ပရိသတ်များက ပြောသည်။

ဘုရားဖူးပရိသတ်တစ်ဦးဖြစ်သူ သံတွဲမြို့ စာရေးဆရာ ကိုဇော်မင်းထွန်းက “ကောင်းကောင်းမွန်မွန် ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့နဲ့ဆို အဆင်ပြေပါတယ်။ မဖွယ်မရာကြီးကျတော့ ဗုဒ္ဓဘာသာဝင်အနေနဲ့ရော၊ ဘာသာရေးအယူအဆနေနဲ့ရောမကောင်းပါဘူး။ လူငယ်တွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းနေစေချင်ပါတယ်”ဟု ပြောသည်။

ယခုကာလသည် ကိုဗစ်ကြောင့် ကျောင်းပိတ်ထားချိန်ဖြစ်သည့်အတွက် ကျောင်းသားလူငယ်များ စိတ်လေလွင့်ကာ မူးယစ်ဆေးသုံးစွဲခြင်းနှင့် မလိုလားအပ်သော မှုခင်းပြဿနာများဖြစ်ပွားမှုမရှိစေရေး ဒေသ အာဏာပိုင်များအနေဖြင့် အရေးတကြီး တားမြစ်ပေးရန်လိုနေသည်ဟုလည်း ဘုရားဖူးပရိသတ်များက ပြောသည်။

လူသူအရောက်အပေါက်နည်းပါးသည့် ရှေးဟောင်းဘုရား၊ ပုထိုး၊ စေတီများတွင်ဆိုလျှင် လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲထားသည့် ပစ္စည်း ကိရိယာများကို စည်းမဲ့ကမ်းမဲ့စွန့်ပစ်ထားကြသည်မှာလည်း အမြင်မသင့်တော်ဟုလည်း ဆိုကြသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့၏သဘောထားအား ရယူနိုင်ရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

မြောက်ဦးမြို့ ရှေးဟောင်းသုတေသနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းဝင်းက ဘုရားများပေါ်တွင် လူငယ်များ ယခုကဲ့သို့ပြုမူနေကြခြင်းမှာ ဘုရားများတွင် ဂေါပကများ နည်းပါးမှုကြောင့်ဖြစ်သည်ဟု ပြောသည်။

“ယဉ်ကျေးမှုဇုန်အတွင်းမှာရှိတဲ့ နယ်မြေတွေထဲမှာ ဂေါပကများ လိုက်နာရမဲ့ စည်းကမ်းများဆိုပြီး သတ်မှတ်ထားတာရှိတယ်။ အဲဒီစည်းကမ်းချက်တွေမှာ ဘာတွေလဲဆိုရင် စကပ်တို၊ ဘောင်းဘီတို ဝတ်ပြီး ဘုရားပေါ် မတက်ရ ဆိုပြီးတော့။ ချိန်းတွေ့တာတို့ မူးယစ်ဆေးသုံးစွဲတာတို့ဆိုရင် ဆူဆူညံ ညံမလုပ်ရ အားလုံးပါတာပေါ့။ မြောက်ဦးမှာဘုရားတွေများတော့ တချို့နေရာတွေမှာ ဂေါပကမရှိဘူး။ အဲဒီနေရာတွေမှာသွားကြတဲ့ဟာရှိတယ်။ ပညာပေးအနေနဲ့ ဟောပြောပွဲတွေမှာ အသိပေးဟောပြောတာမျိုးလည်း ရှိတယ်။ ကျနော်တို့ ရှေးသုတေသနအနေနဲ့ကတော့ တတ်နိုင်သလောက် တားတယ်”ဟု ပြောသည်။

မြောက်ဦးရှိ ဘုရား၊ ပုထိုး၊ စေတီများအနက် မာန် ၅ ပါး၊ ကိုးသောင်း၊ သျှစ်သောင်း၊ ထုက္ကန်သိမ်နှင့် အံတော်သိမ်စသည့် ဘုရား ၁ဝ ဆူတွင်သာ ဂေါပကအဖွဲ့ရှိသည်ဟု သိရသည်။

ဂေါပကအဖွဲ့ရှိသော်လည်း ထုတ်ပြန်ထားသည့်စည်းကမ်းချက်များမှာ တင်းကြပ်မှုမရှိဟု မြောက်ဦးရှစ်သောင်းဘုရားမှဂေါပက အတွင်းရေးမှူး ဦးခင်မောင်စိုးက နိရဥ္စရာကိုပြောသည်။

“စည်းကမ်းထုတ်ထားတာရှိပါတယ်။ တင်းတင်းကြပ်ကြပ်တော့ မဟုတ်ဘူး။ ဘုရားပေါ်မှာ ဒီလိုချိန်းတွေ့တာမျိုးတော့ မသင့်တော်ဘူးပေါ့။ ဘုရားဖူးတဲ့ သူတွေအတွက် အဆင်မပြေတာမျိူးရှိတယ်။ စည်းကမ်းတွေ ထပ်ထုတ်ဖို့ အစီအစဉ်လည်းရှိတယ်။ ဒီနေရာမှာမလုပ်ကြနဲ့။ မူးယစ်ဆေးတွေ မသုံးကြနဲ့။ အများကြီးပါပါတယ်”ဟုပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း မြောက်ဦးရှိ ရှေးဟောင်းဘုရား ဆင်းတုတော် တစ်ခုအနီး မသင့်လျော်သည့်အနေအထားဖြင့်ရိုက်ကူးထားသည့် အမျိုးသမီး တစ်ဦး၏ဓာတ်ပုံ လူမှုကွန်ရက်ပေါ်တက်လာခဲ့သည့်အတွက် လူမှုကွန်ရက် သုံးစွဲသူတို့အကြား ဝေဖန်မှုများနှင့်အတူ အမြင်ကွဲလွဲမှုများလည်း မြင့်တက်ခဲ့သေးသည်။

လက်ရှိတွင် မြောက်ဦးကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသ စာရင်းဝင်ရန် ကြိုးပမ်းနေကြပြီဖြစ်ရာ ယင်းသို့စာရင်းဝင်လာပါက မြောက်ဦးသို့ ကမ္ဘာ လှည့်ခရီးသည်များနှင့် ပြည်တွင်းခရီးသည်များ ယခုထက် ပိုမို ဝင်ရောက် လာမည်ဖြစ်၍ လူငယ်များ၏ယခုလုပ်ရပ်များသည် ကမ္ဘာစာမျက်နှာစာတွင် အရှက်ရဖွယ်ရာဖြစ်နေသည်ဟုလည်း ပြောကြသည်။

မြောက်ဦးသည် ရခိုင်တစ်မျိုးသားလုံးအတွက် အသည်းနှလုံးဖြစ်သည့် ရှေးဟောင်းသမိုင်းဝင် မင်းနေပြည်တော်တစ်ခုဖြစ်ပြီး လာမည့် (၉)နှစ်ဆိုလျှင် မြောက်ဦးမြို့ကို တည်သည့်နှစ်ပေါင်း (၆ဝဝ)တင်းတင်း ပြည့်မြောက် တော့မည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/4667002783311762

Leave a Reply

Your email address will not be published.