မြောက်ဦးမြို့တည်နှစ် ၅၉၁ နှစ်ပြည့်အထိမ်းအမှတ်နေ့တွင် ဆီမီးထွန်းပူဇော်

By Western News/ 2021 September 6

ရခိုင်ပြည်နယ်အတွင်းရှိ ရှေးဟောင်းမြို့တော်တစ်ခုဖြစ်သည့် မြောက်ဦးမြို့ကို တည်ထောင်ခဲ့သည့် သက်တမ်းမှာ ယနေ့ စက်တင်ဘာလ ၆ ရက်နေ့တွင် နှစ်ပေါင်း ၅၉၁ နှစ်ပြည့်သွားပြီဖြစ်သည်။

ယနေ့ကျရောက်သည့် မြို့သက်တမ်း ၅၉၁ နှစ်ပြည့်သည့်နေ့တွင် မြောက်ဦးလူငယ်များအစည်းအရုံးက ဦးဆောင်၍ မြို့တည်ဘုရားဖြစ်သည့် လေးမျက်နှာဘုရားကြီးတွင် ဆီမီးထွန်းပူးဇော်ပွဲကို ညနေ ၆ နာရီအချိန်ခန့် တွင် ပြုလုပ်ခဲ့ကြသည်။

မြောက်ဦးမြို့ သမိုင်းကြောင်းအကျဉ်းမြို့ဟောင်း(မြောက်ဦးမြို့) ကို မင်းနေပြည်တော်အဖြစ် ဦးစွာတည်ထောင်သူမှာ ပဲဖြူမင်းဖြစ်သည်။ ပဲဖြူမင်းသည် ဝေသာလီကို စွန့်၍ မြောက်ဦးမြို့ကို တည်ထောင်ကာ သက္ကရာဇ် ၃၃၈ ခုနှစ်မှ ၃၅၆ ခုနှစ်အထိ စိုးစံသည်။

၄င်းနောက်မြောက်ဦးကို မင်းနေပြည်တော်အဖြစ် ပြန်လည်တည်ထောင်ခဲ့သူမှာ ဘုရင်ကြီး မင်းစောမွန်ပင် ဖြစ်သည်။ မင်းစောမွန်သည် လောင်းကြက်ထီးနန်းကို AD ၁၄၀၄ တွင်စိုးစံလာခဲ့ပြီး သူ၏ လက်ထက်တွင် မွန်၊ မြန်မာတို့၏ စစ်မက်ရေးရာများကြောင့် လောင်းကြက်မြို့ စိစိညက်ညက် ကြေမွခဲ့သည်။

ဘုရင်မင်းစောမွန်သည်လည်း စစ်ပွဲကြားမှ ထွက်ပြေးတိန်းရှောင်ကာ အနောက်သူရတန်သို့ နှစ်ရှည်ရှောင်တိန်းခဲ့ရသည်။

သို့သော်ညီတော်မင်းခရီ၏ စွမ်းဆောင်မှုဖြင့် နောင်တချိန်တွင် လောင်းကြက်ထီးနန်းကို ပြန်လည်စိုးစံခွင့်ရခဲ့သည်။ သို့သော် မင်းစောမွန်သည် စစ်တလင်းရာဖြစ်ခဲ့သော လောင်းကြက်မြို့ကို စွန့်လွှတ်ကာ မြောက်ဦးမြို့တော်ကို AD ၁၄၃၀ ၊ သက္ကရာဇ် ၇၉၂ ခုနှစ်တော်သလင်းလဆန်း ၁ ရက် တနဂ်နွေနေ့တွင် မြောက်ဦးမြို့ကိုတည်၏။

ရာဇဝင်တွင် ပဲဖြူမင်း ပထမမြောက်ဦးမြို့ တည်သည်ကို မရေတွက်ဘဲ၊ မင်းစောမွန်ကိုသာ ပထမမြောက်ဦးမြို့တည်မင်းဟု ရေတွက်လေသည်။

ထိုမင်းမှစ၍ မင်းပေါင်း ၁၂ ပါး ဆက်လက် စိုးစံခဲ့ရာ၊ မင်းခေါင်ရာဇာ လောက်ထက်အထိ စည်ပင်လာခဲ့လေသည်။ မင်းခေါင်ရာဇာ၏ သားတော် သံတွဲစားမင်းပါကြီးသည် သက္ကရာဇ် ၈၉၃ ခုနှစ်တွင် နန်းတက်လေရာ၊ မြောက်ဦးမြို့တော်ကို ထပ်မံအကြီးအကျယ် တည်ဆောက်ပြုစုသည်။ မင်းပါကြီးမှစ၍ မင်းပေါင်း ၉ ဆက်၊ ဆက်လက် အုပ်စိုးလေရာ၊ မင်းစနေလက်ထက် တိုင်လေသည်။

မင်းစနေ လွန်သော် မင်းပါကြီး၏ မြစ်ဖြစ်သော နရပတိမင်းမှစ၍ မင်းပေါင်း ၂၈ ဆက်လက် အုပ်စိုးပြန်ရာ ၁၁၄၆ ခုနှစ် ပြာသိုလဆုတ် ၇ ရက် စနေနေ့တွင် မြန်မာမင်း ဘိုးတော်ဘုရားက သိမ်းယူလေသည်။ ထိုနှစ်မှစ၍ မြောက်ဦးတွင် မြို့ဝန်များ ခန့်၍ အုပ်စိုးစေခဲ့ရာ၊ ပထမဆုံးမြို့ဝန်အဖြစ် ခန့်အပ်ခြင်းခံရသူမှာ နန္ဒပကြန် ဖြစ်၏။ နန္ဒပကြန်၏ နောက်မြို့ဝန် ၈ ဦး ဆက်လက်အုပ်ချုပ်ခဲ့လေသည်။

https://www.facebook.com/westernnewsagency/posts/365167445289766

Leave a Reply

Your email address will not be published.