မြေပုံ မွတ်ဆလင် IDP Camp တွင် ရိက္ခာမလုံလောက်၍ စားဝတ်နေရေးအခက်အခဲဖြစ်နေ

By Western News/ 2021 September 29

ရခိုင်ပြည်နယ်၊ မြေပုံမွတ်ဆလင် IDP Camp တွင် ကိုဗစ်ကာလအတွင်း ရိက္ခာမလုံလောက်၍ စားဝတ်နေရေး အခက်အခဲဖြစ်နေကြောင်း စခန်းတွင်းနေထိုင်နေသူများက ပြောသည်။

မြေပုံ မွတ်ဆလင် IDP Camp ကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)က လူတစ်ဦးကို တစ်လလျှင် ဆန် ၅၄ ဗူး(နို့ဆီဗူး) နှင့် ငွေ ၅၀၀၀ ကျပ်ထောက်ပံ့ထားပြီး လုံလောက်မှုမရှိသောကြောင့် စားဝတ်နေရေးပိုင်းတွင် အခက်အခဲရှိနေသည်ဟု စခန်းတာဝန်ခံ ဦးမောင်တင်အောင် က Western News ကိုပြောသည်။

“WFP က လူတစ်ဦးကို တစ်လမှာ ဆန် ၅၄ ဗူးနဲ့ ပိုက်ဆံ ၅၀၀၀ ထောက်ပံ့တယ်။ လွန်ခဲ့တဲ့ နှစ်လ၊ သုံးလလောက်တော့ ငွေ ၅၀၀၀ ကို မပေးဘူး။ ငွေထုတ်ရတာအခက်အခဲကြောင့်လို့ပြောတယ်။ လုံလောက်မှုမရှိဘူး။ အပြင်ကို အလုပ်ထွက်လုပ်လို့မရတော့ ပိုဆိုးတယ်”ဟုပြောသည်။

မြေပုံ မွတ်ဆလင် IDP Camp ကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)အပြင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ကလည်း မီးသွေးလောင်စာများထောက်ပံ့ပေးကြောင်း သူက ပြောသည်။

စခန်းနေ မွတ်ဆလင်များမှာ စခန်းပြင်ပသို့ထွက်ကာ အလုပ် လုပ်ကိုင်၍မရသလို လုပ်ကိုင်စားသောက်ရန် မြေနေရာမရှိကြောင့် စားဝတ်နေရေးပိုင်းတွင် ပို၍ခက်ခဲကြောင်း စခန်းတွင်နေထိုင်သူ ဒေါ်ဖက်မ က ပြောသည်။

“ရိက္ခာက ဆန်တစ်ခုပဲရတယ်။ အပြင်ထွက်ပြီး အလုပ် လုပ်လို့လဲမရဘူး။ စခန်းထဲမှာပဲနေရတယ်။ ပိုက်တွေ၊ ငါးဖမ်းလှေတွေရှိတဲ့သူတွေကျတော့ နည်းနည်းဖုံလုံတယ်ပေါ့။ ဟင်းပင်တွေစိုက်ဖို့ကလဲ မြေနေရာမရှိဘူး။ စားဝတ်နေရေးပိုင်းမှာ တော်တော်အခက်အခဲနဲ့ ကြုံနေရတယ်”ဟု ပြောသည်။

ယင်းအပြင် စခန်းတွင် ကိုယ်ဝန်ဆောင်များကိုသာ ကျန်းမာရေးစောင့်ရှောက်မှုရှိပြီး ကလေးများနှင့် သက်ကြီးရွယ်အိုများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများမရှိဟု သူက ဆိုသည်။

အဆိုပါ မြေပုံမွတ်ဆလင် IDP Camp တွင် မွတ်ဆလင်လူဦးရေပေါင်း ၃၂၈၀ ကျော်ထိရှိပြီး ၂၀၁၂ အရေးအခင်းကတည်းက လာရောက်ခိုလှုံနေထိုင်နေကြခြင်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/379818853824625

Leave a Reply

Your email address will not be published.