မြို့အင်္ဂါရပ်နှင့်မညီဟုဆိုကာ စစ်တွေအဝေးပြေးကားဂိတ်ရှေ့ လမ်းဘေးစျေးဆိုင်တန်းများ ဖြိုဖျက်ခံရ

By Narinjara/ 2021 September 6

ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အဝင်ရှိ အဝေးပြေးကားဂိတ်ရှေ့မှ လမ်းဘေးစျေးဆိုင်တန်းများသည် မြို့အင်္ဂါရပ်နှင့်မညီဟုဆိုကာ ယနေ့တွင် ဖြိုဖျက်ခံလိုက်ရသည်ဟု သိရသည်။

အဆိုပါဆိုင်ခန်းများကို ယနေ့ စက်တင်ဘာလ ၆ ရက် ညနေ ၅ နာရီခန့်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ဖြိုဖျက်ခဲ့ခြင်းဖြစ်သည်။

အဝေးပြေးကားဂိတ်ရှေ့မှ မီးစက်ကြီးလမ်းဆုံ (ရေပန်းအဝိုင်းအထိ)လမ်းဘေးဆိုင်ခန်း ၂ဝ ခန့်အား စက်တင်ဘာလ ၅ ရက်နေ့၌ နောက်ဆုံးထားဖယ်ရှားရန် စစ်တွေမြို့နယ်စည်ပင်သာယာရေးအဖွဲ့က သတိပေးစာထုတ်ပြန်ခဲ့သည်။

ယင်းနောက် ကားဂိတ်ရှေ့တည့်တည့်ရှိ ထမင်းဆိုင်တန်းများ၊ ကွမ်းယာဆိုင်များနှင့် ဖရဲသီးပွဲရုံများ စသည့် ဆိုင်ခန်း ၁ဝ ခန်းခန့်ကို ယနေ့တွင် ဖြိုဖျက်ခဲ့ကြခြင်းဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ဖြိုဖျက်ခံလိုက်ရသည့်ဆိုင်ခန်းပိုင်ရှင်များ၏သဘောထားအားမေးမြန်းရန် နိရဥ္စရာက ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပါ။

အလားတူ ဖြိုဖျက်ရာတွင်ပါဝင်သည့် တာဝန်ရှိသူများအား နိရဥ္စရာက မေးမြန်းရန်ကြိုးစားခဲ့သော်လည်း မေးမြန်းခွင့်မရရှိခဲ့ပါ။

အခိုင်အမာကျူးကျော်ဆောက်လုပ်ထားသော ယင်း စျေးဆိုင်များအား သြဂုတ်လ ၂၉ ရက်နေ့အပြီး ဖယ်ရှားရှင်းလင်းရန်နှင့် အကယ်၍ လိုက်နာဆောင်ရွက်မှုမရှိပါက ရခိုင်ပြည်နယ်စည်ပင်သာယာရေးဥပဒေအရ တရားစွဲအရေးယူသွားရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က သြဂုတ်လ ၂၃ ရက်တွင် ပထမအကြိမ်ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/4658370957508278

Leave a Reply

Your email address will not be published.