မာန်အောင်မြို့မစျေးရှိ စျေးဆိုင်ခန်း ၂ဝဝ ခန့်အနက် ၁၃ဝ ကျော်ကိုသာ အချိန်ကန့်သတ်ရောင်းချခွင့်ပြုထား၍ နစ်နာမှုရှိနေဟု ဆိုင်ခန်းပိုင်ရှင်ပြော

By Narinjara/ 2021 September 23

သဥ္ဇာနွယ်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ မြို့မစျေးရှိ စျေးဆိုင်ခန်းပေါင်း ၂ဝဝ ခန့်ရှိသည့်အနက် ဆိုင်ခန်းပေါင်း ၁၃၄ ခန်းကိုသာ မြို့နယ်စည်ပင်က အချိန်ကန့်သတ်၍ ရောင်းချခွင့်ပြုထားမှုကြောင့် နစ်နာမှုရှိနေသည်ဟု ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

စံချိန်မီလျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင် ဦးသန်းကြည်က “ကျနော်တို့က အချိန်အကန့်အသတ်နဲ့ဖွင့်ခိုင်းရင်လည်း စျေးဆိုင်အားလုံး ကိုဖွင့်စေချင်တယ်။ တရားမျှတမှုကိုလိုချင်တယ်။ စျေးရောင်းရတာလည်း အဆင်မပြေဘူး။”ဟု ပြောသည်။

ယခုကန့်သတ်ခံထားရသည့် ဆိုင်ခန်းများသည် မာန်အောင်မြို့နယ်စည်ပင်သာယာရေးအဖွဲွ့ပိုင် ဆိုင်ခန်းများဖြစ်ပြီး ဆေးဆိုင်များမှအပ ကျန်ဆိုင်များကို နံနက် ၆ နာရီမှ နေ့လယ် ၁ နာရီအထိသာဖွင့်ရန် စက်တင်ဘာလ ၁၀ ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမောင်စံသိန်းက လက်မှတ်ရေးထိုး၍ အသိပေးစာထုတ်ပြန် ကန့်သတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဥပုသ်နေ့(သို့မဟုတ်) တနင်္ဂနွေနေ့တို့တွင် လုံးဝမရောင်းချရန်နှင့် တွေ့ရှိပါက စည်ပင်သာယာရေးဥပဒေအရ အရေးယူသွားမည်ဟုလည်း ဆိုထားသည်။

သို့ရာတွင် စျေးအပြင်ပိုင်းရှိ ဆောက်လုပ်ရေးဌာနပိုင်ဆိုင်ခန်းပေါင်း ၆ဝ ကျော်ကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ တစ်နေကုန်ဖွင့်လှစ်ခွင့်ပေးထားသည့်အတွက် အချိန်ကန့်သတ်ဖွင့်လှစ်ခံထားရသည့်ဆိုင်ခန်းပိုင်ရှင်များအနေဖြင့် တရားမျှတမှုလိုချင်သည်ဟု ပြောသည်။

မာန်အောင်မြို့မစျေးရှိ အထည်ဆိုင်ပိုင်ရှင် ဒေါ်မိုးမိုးခိုင်ကလည်း “ကျမတို့စည်ပင်ပိုင်တဲ့ဆိုင်တွေကိုပဲ အချိန်အကန့်သတ်တာဆိုတော့ ကျမတို့ ရောင်းရတဲ့အချိန်ကလည်း မလောက်ဘူး။ အရင်နှစ်တွေကလည်း ကိုဗစ်ကြောင့် ပိတ်ထားရတယ်။ အရောင်းအဝယ်က ရတဲ့အချိန်နဲ့ ရောင်းအားကျတယ်။”ဟု ပြောသည်။

ယခုအချိန်ကန့်သတ်ခံထားရသည့်ဆိုင်ခန်းများတွင် ဖုန်းဆိုင်၊ အထည်ဆိုင်၊ ရွေဆိုင်၊ ဆေးဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်၊ ကုန်ခြောက်ဆိုင်တို့ပါဝင်သည်ဟု သိရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး မာန်အောင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမောင်စံသိန်းက ရဲဧရိယာအတွင်းရှိ စည်ပင်ပိုင်ဆိုင်ခန်းများကို ကိုဗစ်စည်းကမ်းနှင့်အညီဖွင့်ခိုင်းခြင်းသာဖြစ်သည်ဟု နိရဥ္စရာကိုပြောသည်။

“ကျနော်တို့က ရဲ ဧရိယာအတွင်းမှာရှိတဲ့ စည်ပင်ပိုင်တဲ့ ဆိုင်ခန်းတွေကို ကိုဗစ်စည်းကမ်းနဲ့အညီ ဖွင့်ခိုင်းတာပါ။ ကျန်တဲ့ဧရိယာမှာရှိတဲ့ဆိုင်တွေကတော့ ဖွင့်ရပါတယ်။ ကျနော်တို့ စည်ပင်နဲ့မဆိုင်ပါဘူး။”ဟု ပြောသည်။

ကိုဗစ်ကြောင့်အချိန်ကန့်သတ်ထားခြင်းဖြစ်လျှင် တစ်မြို့လုံးရှိ ဆိုင်ခန်းများကိုလည်း ကန့်သတ်ပေးရမည်ဟု စည်ပင်ပိုင်ဆိုင်ခန်းများမှ ဖုန်းဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ ကိုထက်နိုင်က ပြောသည်။

“ကျနော်တို့ တန်းတူအခွင့်အရေးရချင်ပါတယ်။ ကိုဗစ်ကြောင့်သာဆိုရင် တစ်မြို့လုံးက ဆိုင်တွေကိုပါလုပ်ရမှာပါ။ ကျနော်တို့ စည်ပင်ပိုင်ဆိုင်ခန်းရှေ့က ဆောက်လုပ်ရေးဆိုင်ခန်းတွေက ပုံမှန်ဖွင့်ရတယ်။ ကျနော်တို့ ဖွင့်ရတဲ့အချိန်ကနည်းနေတော့ စီးပွားရေးတွေလည်း ထိခိုက်တယ်။ သက်ဆိုင်ရာတွေကို တန်းတူအခွင့်ရေးပေးပါလို့ တောင်းဆိုချင်ပါတယ်။”ဟု ပြောသည်။

လက်ရှိမာန်အောင်မြို့နယ်တွင် စက်တင်ဘာလ ၂၂ ရက်အထိ ကိုဗစ်အတည်ပြုလူနာ ၈၂ ဦးနှင့် သေဆုံးသူ ၁၄ ဦးရှိပြီဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့စာရင်းအရ သိရသည်။

https://www.facebook.com/narinjara.info/posts/4712558568756183

Leave a Reply

Your email address will not be published.