ဖမ်းဆီးထားစဉ် ရိုက်နှက်ခံရ၍ နံရိုးနှစ်ချောင်းကျိုးသွားသည့် အမ်းဒေသခံ ဆေးကုသခွင့် ရလို

By Western News/ 2021 September 10

အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဖမ်းဆီးခံထားရသည့် အမ်းမြို့နယ် စနဲ့ကျေးရွာမှ ဒေသခံတစ်ဦးမှာ ရိုက်နှက်ခံခဲ့ရသည့် ဒဏ်ရာများကြောင်း ပြင်ပဆေးရုံးတွင် ဆေးကုသခွင့်လိုအပ်နေသည်ဟု မိသားစုဝင်များကပြောသည်။

အသက်၄၅ အရွယ်ရှိ ဦးညီပုမှာ ရိုက်နှက်ခံခဲ့ရသည့် ဒဏ်ရာကြောင့် ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့ ရုံးချိန်းတွင် တရားရုံး၌ တရားရင်ဆိုင်နေချိန် နေမကောင်းဖြစ်လာ၍ ကျောက်ဖြူခရိုင်ပြည်သူ့ ဆေးရုံးကြီးတွင် ဆေးကုသခွင့် တစ်ကြိမ်သာ ရခဲ့သည်ဟု မိသားစုဝင်များကပြောသည်။

ဦးညီပုတွင် ဖမ်းဆီးခံရစဉ် ရိုက်နှက်ခံရမှုကြောင့် ဘယ်ဘက် နံရိုးနှစ်ချောင်းကျိုးသွားပြီး ပြင်ပဆေးရုံးတွင် ဆေးကုသခွင့် အကြိမ်ကြိမ်တောင်းခံခဲ့သော်လည်းမရရှိဘဲ ကျန်းမာရေးဆိုးရွားနေသည်ဟု ဇနီးဖြစ်သူ ဒေါ်သန်းသန်းအေးက Western News ကိုပြောသည်။

“ကျန်းမားရေး မကောင်းဘူး။ ရိုက်နှက်ထားတဲ့ နေရာတွေက နံရိုးနှစ်ချောင်းကျိုးသွားတယ်လို့သူကပြောတယ်။ အဲ့ဒီနေရာတွေက အောင့်တယ်။ နေလို့မရဘူးပြောတယ်။ ကျွန်မတို့လည်း ပြင်ပဆေးရုံတွေမှာ ဆေးကုသခွင့်ရဖို့ တောင်းဆိုရင်လည်း ဆေးကုခွင့်မပေးဘူး။ ရှေ့နေတွေက ဆေးကုခွင့်တောင်းရင်လည်း မရဘူး”ဟုပြောသည်။

နံရိုးကျိုးခြင်းရှိ မရှိဆိုသည်ကို ဆရာဝန်မှတစ်ဆင့် အဖြေအားသိခွင့် ကြည့်ရှုခွင့်ရရန် မိသားစုများက ကြိုးစားခဲ့သော်လည်း ဓာတ်မှန်အဖြေအား ကြည့်ရှုခွင့် မရရှိခဲ့ဘဲ ထောင်မှူးကသိမ်းသွားသည်ဟု ဇနီးဖြစ်သူ ဒေါ်သန်းသန်းအေးက ပြောသည်။

ဦးညီပု အပါဝင် တစ်ရွာတည်းနေထိုင်သူများ ဖြစ်ကြသည့် ဦးမောင်သန်းတင်၊ ဦးမောင်သန်းမြင့် နှင့် ကိုမင်းစိုးနိုင်တို့ ၄ ဦးမှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊အောက်တိုဘာ ၁၀ ရက်နေ့က နေအိမ်အတွင်းရှိနေစဉ် တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

အကျဉ်းထောင်၏ စည်းမျဉ်းစည်းကမ်းအရ အကျဉ်းသားတစ်ယောက်အနေဖြင့် အပြင်သို့ထွက်၍ ဆေးကုသခွင်မရှိဘဲ အရေးပေါ်အခြေအနေမှသာ ဆေးရုံတက်ခွင့်ရှိသည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သန္တာက Western News ကိုပြောသည်။

“အကျဉ်းထောင်၏ စည်းမျဉ်းစည်းကမ်းအရ အကျဉ်းသားတစ်ယောက်အနေဖြင့် အပြင်ကိုထွက်ပြီဆေးကုသခွင့်မရှိဘူး။ အကျဉ်းထောင်တွေက ဆေးမှူးတွေနဲ့သာကုခွင့်ပေးတယ်။ အရေးပေါ် ဆိုရင်တော့ဆေးရုံးတက်ခွင့်ပေးတယ်”ဟုပြောသည်။

ဦးညီပုအပါဝင် ၎င်တို့း ၄ ဦးအား အမ်းမြို့ ခလရ ၃၇၂ တပ်ရင်းမှ ဗိုလ်ကြီး ဟိန်းလွင်ထူးက တရားလိုပြုလုပ်ကာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က ကျောက်ဖြုခရိုင်တရားရုံးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂ (က) တို့ဖြင့်တရားစွဲဆိုထားခြင်းဖြစ်သည်။

လက်ရှိတွင် ဦးညီပုအပါဝင် အဆိုပါ ၄ ဦးအားကျောက်ဖြူအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး အမှုရင်ဆိုင်နေရသည်။

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင်တပ်တော်(AA)နှင့် တပ်မတော်တို့အကြား နှစ်နှစ်ကျော်ကြာ တိုက်ပွဲများအတွင်းAA နှင့်ဆက်စပ် သည်ဟုဆိုကာ သံသယဖြင့်ဖမ်းဆီးခံခဲ့ရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲခံခဲ့ရသူ ၂၀၀ ကျော် အထိရှိကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏ စာရင်းများအရသိရသည်။

https://www.facebook.com/westernnewsagency/posts/367763715030139

Leave a Reply

Your email address will not be published.