ပြည်တွင်း၊ ပြည်ပ တင်သွင်းကုန်များ ရခိုင်တွင် ၅၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းထိဈေးဆက်လက်မြင့်တက်

By Western News/ 2021 September 30

ဒေါ်လာဈေးနှုန်းမြင့်တက်လာမှုကြောင့် ပြည်ပမှ တင်သွင်းနေသည့် မီးဖိုချောင်သုံး စားသောက် ကုန်ပစ္စည်းများနှင့် လူသုံးကုန်ဈေးနှုန်းများ ရခိုင်ပြည်နယ်တွင် အနည်းဆုံး ၅၀ ရာခိုင်နှုန်းမှ အများဆုံး ၁၀၀ ရာခိုင်နှုန်းထိ ဈေး ဆက်လက်မြင့်တက်လာနေကြောင်း ရခိုင့်စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

မြန်မာနိုင်ငံအတွင်း စစ်တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလလယ်ခန့်မှ စက်တင်ဘာလလယ်အထိ ပြည် တွင်း ထုတ်ကုန်များမှာ ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်ထိဈေးမြင့်တက်သလို ပြည်ပဖက်မှတင်သွင်းသော စား သောက်ကုန်ဈေးများ၊ အထည် အလိပ်များမှာလည်း အများဆုံး ၁၀၀ ရာခိုင်နှုန်းထိ ဈေးနှုန်းများထိုးတက်ခဲ့သည်။

ယင်းမှတဖန် မြန်မာပြည်တွင်းမှ ထုတ်သည့် ကုန်ပစ္စည်းများမှာ ယခု စက်တင်ဘာ လကုန်အနီး ၁၀၀ ရာခိုင်နှုန်း ထိ ဈေးမြင့်ဆက်တက်သလို ပြည်ပ နိုင်ငံများဖြစ်သည့် တရုတ်၊ ယိုးဒယားများမှ တင်သွင်းကုန်များဆိုလျှင် ဆက်လက်မြင့်တက်လျှက် ရှိနေသည်ဟု ရခိုင့်စီးပွားရေးဦးဆောင်အများပိုင် ကုမ္ပဏီလီမိတက် မန်နေဂျာ ဦးခင်မောင်ကြီးကပြောသည်။

“ဒီ ရက်ပိုင်းအတွင်းမှာ ကုန်ဈေးနှုန်းတွေဟာ လုံးဝ မြင့်တက်လာပြန်ပါတယ်။ ကုန်ဈေးနှုန်းတွေ ခုလိုမြင့်တက် နေတာဟာ အဓိကတော့ မြန်မာ့နိုင်ငံရေးအခြေအေနကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေဟာ မြန်မာငွေကျပ် အပါ်မှာ လုံးဝယုံကြည်မှုမရှိကြတော့ဘူး။ ငွေဈေးက လုံးဝကျဆင်းနေတော့ ပြည်တွင်းထွက်ကုန်တွေဟာ ၅၀ ကနေ ၁၀၀ ရာခိုင်နှုန်းထိ ဆက် မြင့်တက်လာတယ်။ ပြည်ပဖြစ်တဲ့ တရုတ်၊ ယိုးဒယားဖက်တွေက တင်သွင်းကုန် တွေ ဆိုရင် ၂၀၀ ရာခိုင်နှုန်းထိတက်နေတာ။ မြန်မာငွေ တန်ဖိုးကျတော့ ဒေါ်လာဈေးမြင့်တက်တဲ့အခါ နိုင်ငံခြား ပစ္စ ည်းတွေက ဒေါ်လာသုံးဝယ်ရတော့ အကုန်လုံးဈေးမြင့်တော့တာပဲ။ အောက်ခြေလူတန်းစားတွေအတွက်ကတော့ လုံးဝ ခက်ခဲသွားတာပေါ့။ တစ်နည်းပြောရရင် နိုင်ငံရေးကျိန်စာပဲပေါ့ “ဟုပြောသည်။

ယခုရက်ပိုင်းအတွင်းတွင် ဈေးနှုန်းများ ဆက်လက်မြင့်တက်ရခြင်းမှာ မြန်မာ့နိုင်ငံရေးအကြပ်အတည်းကြောင့် မြန်မာ့ငွေကြေး တန်ဖိုးကျဆင်းနေသလို ငွေကြေးအပေါ် ယုံကြည်မှုမရှိတော့သည့်အတွက်ကြောင့်ဖြစ်သည်ဟု ရခိုင့်စီးပွားရေးဦးဆောင်အများပိုင် ကုမ္ပဏီလီမိတက် မန်နေဂျာ ဦးခင်မောင်ကြီးကပြောသည်။

ဩဂုတ်လကုန် စက်တင်ဘာအတွင်း ကုန်ဈေးနှုန်းမြင့်တက်မှု အနည်းငယ်ရပ်တန့်ခဲ့သော်လည်း ယခုရက်ပိုင်း အတွင်းတွင် စားသောက်ကုန်ဈေးနှုန်းနှင့် လူသုံးကုန်ဈေးနှုန်းများဈေးဆက်လက်မြင့်တက်လာနေသည်ဟု စား သောက်ကုန်လုပ်ငန်း လုပ်ကိုင်သူနှင့် စားသုံးသူများကပြောသည်။

စားကုန်ဈေးနှုန်းများဆက်လက်မြင့်တက်မှုမှာ Good Choice ဆီသန့် (၁ လီတာ) ၁ ဗူး ၂၇၀၀ ကျပ်မှ ယခု ၃၂၀၀ ကျပ်၊ သန့်သန့်လေး ဆီသန့် (၁ လီတာ) ၁ ဗူး ၂၆၀၀ ကျပ်မှ ၃၁၀၀ ကျပ်၊ ၊ ကြက်သွန်နီ ၁ ပိဿာလျှင် ၁၀၀၀ ကျပ်မှ ၁၃၀၀ ကျပ်၊ ကြက်သွန်ဖြူ ၁ ပိသာလျှင် ၃၂၀၀ ကျပ်မှ ၄၅၀၀ ကျပ်ထိဈေးနှုန်းများ ၃ ရက် အတွင်းမြင့်တက်နေ သည်ဟု စစ်တွေမြို့ မြို့မဈေးမှာ စားသောက် ကုန်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်သူဇာကပြောသည်။

“ဒီ ၂ ရက်အတွင်းမှာပဲ ဈေးဆက်ပြီးတက်ပါတယ်။ ပြည်မဖက်တွေက ထပ်မှာတွေမှာလည်း ထပ်ပြီးဈေးတက်နေ ပါသေးတယ်။ ကျွန်မတို့မှာ ခုရောင်းနေတာက အရင်လက်ကျန်ကို ရောင်းနေတာမို့လို့ ဈေးကထပ်ပြီး မတက် သေးတာပါ။ ကျွန်မတို့ ရောင်းတဲ့ဈေးက အတတ်နိုင်ဆုံး လျှော့ရောင်းထားတဲ့ဈေးပါပဲ။ ဆီဈေးတွေလည်း တော် တော်တက်နေတော့ သယ်ယူခစရိတ်တွေကအစ အကုန်ဈေးတက်နေပါတယ်”ဟုပြောသည်။

ယင်းပြင် ပြည်ပဖက်မှတင်သွင်းသည့် လူသုံးကုန်များဖြစ်သည့် ပလစ်စတစ်ပစ္စည်းများ၊ အိမ်အသုံးအဆောင် ပစ္စည်းများမှာလည်း ယခုရက်ပိုင်းအတွင်းတွင် ထပ်မံ ၅၀ ရာခိုင်နှုန်းမြင့်တက်လာသည်ဟု ပလစ်စတစ်ပစ္စည်း မျိုးစုံနှင့် အိမ်အသုံးအဆောင်ပစ္စည်းမျိုးစုံရောင်းသည့် စစ်တွေမြို့ရွှေမြေဆိုင်မှ အရောင်းစာရေးမတစ်ဦး ကပြောသည်။

“မနေ့က တစ်ခါတက်တယ်ဈေးက ဒီနေ့ထပ်ပြီးတော့ တက်ပြန်တယ်။ ကျွန်မတို့ ဆိုင်မှာရောင်းတဲ့ ပစ္စည်းတွေအ ကုန်လုံး ၂ ရက်အတွင်းလောက်မှာ ရှိသမျှပစ္စည်းတွေ အကုန်လုံး ၅၀ ရာခိုင်နှုန်းမြင့်တက်နေပါတယ်။ ဥပမာ အရင်တုန်းက ပစ္စည်းတစ်ခုကို ၂၂၀၀ ကျပ် ဆိုရင် ခု ၃၅၀၀ ကျပ်ရောင်းနေရပြီ”ဟုပြောသည်။

ပြည်မဖက်မှ ဝယ်ယူရောင်းချသည့် မြို့ဈေးများတွင် ဈေးမြင့်တက်၍ မြို့ပေါ်မှတစ်ဆင့် ဝယ်ယူရောင်းချနေ ကြသော ကျေးရွာများနှင့် လမ်းပန်းဆက်သွယ်ရေးအဆင်မပြေသည့် နယ်ဖက်များတွင် စားသောက်ကုန်နှင့် လူသုံးကုန်ဈေးနှုန်းများ ပိုမြင့်လျှက်ရှိကြောင်းနယ်ဖက်မှ ဝယ်ယူ စားသုံးသူများကပြောသည်။

ကျေးရွာများတွင် စားအုန်ဆီ( ၁ လီတာ ) ၁ ဗူး ယခင် ၁၈၀၀ ကျပ်မှ လက်ရှိ ၃၂၀၀ ကျပ်အထိ၊ ခေါက်ဆွဲ (ကုလား အုပ်တံဆိပ်) တစ်ထုတ် ၃၀၀ ကျပ်မှ လက်ရှိ ၆၅၀ ကျပ်၊ မုန့်တီခြောက် အထုတ်သေးတစ်ထုတ် ယခင် ၃၀၀ ကျပ် မှ လက်ရှိ ၅၅၀ ကျပ် ၊ ဟင်းချိုမုန့် ၁ ပိဿာ ယခင် ၄၀၀၀ ကျော်ကျပ်မှ ယခု ၈၅၀၀ ကျပ်နှင့် တစ်ခြားကုန်များမှာလည်း ဈေးဆက်လက်မြင့်တက်နေ ကြောင်းဒေသခံများကပြောသည်။

ယခု စက်တင်ဘာလအတွင်းတွင် ဒေါ်လာဈေးအဆမတန်မြင့်တက်မှုကြောင့် ပြည်ပဖက်မှတင်သွင်းသည့် လျှပ် စစ်ပစ္စည်းများ၊ လူအသုံးအဆောင်ပစ္စည်းများ၊ ဆေးဝါးပစ္ဏည်းများမှာလည်း ဈေးအဆမတန် မြင့်တက်လျှက်ရှိ နေသည်။ ယနေ့ စက်တင်ဘာ ၃၀ ရက်နေ့ မြန်မာနိုင်ငံဗဟိုဘဏ်မှာ အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွ ၁၈၈၀ စျေးရှိပြီး အပြင်ပေါက်စျေးသည် ၂၄၀၀ ကျပ်ထိရှိနေသည်။

https://www.facebook.com/westernnewsagency/posts/380571633749347

Leave a Reply

Your email address will not be published.