By Narinjara/ 2021 September 6
သျှင်မင်းဇံ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သင်းပုန်းတန်းကျေးရွာအနီး တောဖျားချောင်းတွင် ရေနစ်ပျောက်ဆုံးနေသည့် အမျိုးသားအလောင်းအား မနေ့က ပြန်ရှာတွေ့ကြောင်း သတင်းရရှိသည်။
ပုဏ္ဏားကျွန်းမြို့နယ် သင်းပုန်းတန်းကျေးရွာ သက်ကယ်ပြင်ရပ်ကွက်မှ အသက် (၃၉ နှစ်)အရွယ် ဦးမောင်ပုသည် လွန်ခဲ့သည့် (စင်တင်ဘာလ ၅ ရက်) နံနက် ၁၀ နာရီခန့်က ကျေးရွာအနီး တောဖျားချောင်းတွင် ငါးပိုက်ဖော်ရန် တစ်ဦးတည်းသွားချိန်၌ ဝက်ရူးပြန်ရောဂါဖောက်လာသဖြင့် လောင်းလှေပေါ်မှလိမ့်ကျကာ ရေနစ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
သူ၏ အလောင်းအား ယမန်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်ခန့်တွင် တောဖျားချောင်းမြစ်ဝ၌ တွေ့ရှိခြင်းဖြစ်ကြောင်း သင်းပုန်းတန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်အေးလှက နိရဥ္စရာကို ပြောသည်။
“သူကို တောဖျားချောင်းမြစ်ဝမှာ အလောင်းပေါ်ပြီးတော့ တွေ့တာပါ။ လှေအစီး ၂၀ လောက်နဲ့ ရှာမှာတွေ့တာပါ”ဟု ပြောသည်။
သေဆုံးသွားသူတွင် ဇနီးနှင့်အတူ ၁၀ တန်းနှင့် ၇ တန်းကျောင်းသူ သမီးနှစ်ဦးကျန်နေခဲ့သည်။
ယခုအခင်းဖြစ်စဉ်ဖြစ်ပွားခဲ့သည့်ကျေးရွာအနီးရှိ ကန်ပူးကျေးရွာ၌လည်း အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦးတို့လည်း ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့က တောဖျားချောင်းတွင် မျှစ်ခူးပြီး အိမ်ပြန်လာစဉ် ဟွန်ဒါစက်လှေနစ်မြုပ်၍ သေဆုံးမှုဖြစ်ပေါ်ခဲ့သေးသည်။
https://www.facebook.com/narinjara.info/posts/4660593047286069