By Western News/ 2021 September 7
ချင်းပြည်နယ် ပလက်ဝမြို့ရှိ စိုက်ပျိုးရေးစစ်ရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးကို ပလက်ဝ ခလရ ၂၈၉ တပ်ရင်းမှ ဖမ်းဆီးမေးမြန်းမှုများရှိခဲ့ကြောင်း ဖမ်းဆီးခံခဲ့ရသူမှပြောသည်။
ပလက်ဝ ရေတံခွန်ဘက်သို့ ပိုက်ချရန်အငှားလိုက်ရာမှပြန်လာစဉ် စစ်တပ်မှဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး အငှားလိုက်၍ ပြန်လာခြင်းဖြစ်ကြောင်း ပြောဆိုသည်ကိုယုံကြည်မှုမရှိကြ၍ မေးမြန်းစစ်ဆေးမှုများပြုလုပ်ကြ ကြောင်း ဖမ်းဆီးခံခဲ့ရသူ ဦးနုမောင် ကပြောသည်။
“ကျနော်က ရေတံခွန်ဘက်ကို ပိုက်ချဖို့အငှားလိုက်သွားတာ။ အဲ့မှာ အငှားလိုက်ပြီး အိမ်အပြန် မိုးချုပ်သွား တာပေါ့။ ကူတို့ဆိပ်ရောက်တော့ ၇ နာရီကျော်သွားပြီ။ သူတို့နဲ့တွေ့တော့ ကျနော့်ကိုခေါ်သွားကြတယ်။ မေးမြန်းတာတွေလုပ်တယ်။ ကျနော့်ကို စက်လှေပိုင်ရှင်လားလို့မေးတယ်။ စက်လှေ ၂ စီးမှာ ဆန်နဲ့ တစ်ခြားပစ္စည်း တွေတင်ထားတာတွေ့တယ်လေ။ ပိုင်ရှင်တွေကဘယ်သူမှန်းမသိဘူး။ အဲ့စက်လှေ ၂ စီးကိုတော့ သူတို့ထိန်းသိမ်း ထားတယ်ကြားတယ်။ ကျနော်က အဲ့စက်လှေပိုင်ရှင်မဟုတ်ပါဘူး အငှားလိုက်တာ ပါလို့ပြောတာ မယုံဘူး။ ကျနော့်ကို ရဲစခန်းမှာ ဖမ်းထားတယ်။ ဒီနေ့မနက်ကျမှ ပြန်လွှတ်လိုက်တာ။ ခုလိုမျိုး ဖမ်းဆီးတာမျိူးတွေရှိလာတော့ နောက်လည်းထပ်ဖြစ်လာမလား စိုးရိမ်နေရတယ်” ဟုပြောသည်။
၎င်းစခန်းမှ တာဝန်ခံ ဦးရွှေစိန်မောင်က တပ်ဘက်မှ ည ၇ နာရီအပြင်မထွက်ရန်ညွှန်ကြားထားမှုများရှိကြောင်း စခန်းတွင်းစားဝတ်နေရေးအခြေနေများကြောင့် အပြင်ထွက်အလုပ်လုပ်ကိုင်ကြသည်ကို တားဆီးပိတ်ပင်ရန်လည်း အဆင်မပြေနိုင်ကြောင်း ပြောသည်။
“အဓိကကတော့ စားဝတ်နေရေးအခြေနေကြောင့်ပေါ့။ သူတို့လည်းညဘက်ထိ အပြင်မှာဘယ်ရှိချင်ပါ့မလဲ။ တပ်ကလည်း ည ၇ နာရီကျော်ရင်အပြင်မထွက်ရဘူးလို့ပြောထားတာတွေရှိတယ်လေ။ ဒါပေမယ့် စခန်းမှာက ဆန်တစ်ခုပဲရတာဆိုတော့ တစ်ခြားရိက္ခာတွေအတွက် အပြင်ထွက်အလုပ်လုပ်ပြီး ရှာစားနေကြရတာ။ ကြုံရာလုပ်ကိုင် ကြရတာဆိုတော့ အချိန်သတ်မှတ်ချက်ကျော်ရင်လည်းကျော်သွားကြတယ်။ အပြင်မထွက်ဖို့ တားဖို့ကလည်း အဆင်မပြေနိုင်ဘူးလေ” ဟုဆိုသည်။
ညအချိန်ကာလ၌ စက်လှေဖြင့်ပစ္စည်းများသယ်ယူလာခြင်းကြောင့် တပ်မှစစ်ဆေးရင်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့ မနက်ပိုင်းတွင် ခံဝန်ထိုး၍ ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း ပလက်ဝရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောသည်။
“ညအချိန်မတော် စက်လှေနဲ့ပစ္စည်းတွေသယ်လာတော့ တပ်ကစစ်ဆေးရင်းနဲ့ ဖမ်းလိုက်တာလို့ပြောတယ်။ နောက်ဒီလိုမလုပ်ဖို့ အာမခံနဲ့ခံဝန်ထိုးခိုင်းပြီး ဒီနေ့ ပြန်လွှတ်လိုက်ပါပြီ” ဟုပြောသည်။
အဆိုကိစ္စနှင့်ပတ်သတ်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီမှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။ပလက်ဝမြို့တွင် ဆန်ရိက္ခာသယ်ယူ ပို့ဆောင်မှုများကို ကန့်သတ်ခံနေရဆဲဖြစ်ပြီး ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်း သွားလာခွင့်များကိုလည်း စစ်တပ်အားတိုင်ကြားပြီးမှသာ သွားလာခွင့်ရကာ ကိုဗစ်ကြောင့်လည်း အပြင်ထွက်ခွင့်ကို အချိန်ကန့်သတ်ဖြင့်ထုတ်ပြန်ထားသည်။
https://www.facebook.com/westernnewsagency/posts/365749598564884