နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် တရားစွဲခံနေရသည့် ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအမှုကို အောက်တိုဘာ ၅ ရက်တွင် အပြီးသတ်လျှောက်လဲချက်ပေးမည်

By Narinjara/ 2021 September 28

ချစ်အိလှိုင်

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ) ဖြင့် တရားစွဲခံနေရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုအမှုကို လာမည့်အောက်တိုဘာလ ၅ ရက်တွင် အပြီးသတ်လျှောက်လဲချက်ပေးမည်ဟု သတင်းရရှိသည်။

ဦးညီပုကို ယနေ့ စက်တင်ဘာ ၂၈ ရက်နေ့ နံနက်က စစ်တွေမြို့နယ်တရားရုံးတွင် ဗွီဒီယိုအွန်လိုင်းဖြင့် ရုံးထုတ်စစ်ဆေးရာ လာမည့်အပတ် အောက်တိုဘာ ၅ ရက်တွင် အပြီးသတ်လျှောက်လဲချက်ပေးရန် ရုံးချိန်းခဲ့သည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်းက နိရဥ္စရာအား ပြောသည်။

“နောက်အပတ်ကျရင် အပြီးသတ်လျှောက်လဲချက်ပေးမယ်ဆိုပြီးတော့ပဲ ပြောနိုင်မယ်။ ဦးညီပုကတော့ ကျန်းကျန်းမာမာပါပဲ”ဟု ပြောသည်။

အမှုကိုအပြီးသတ်လျှောက်လဲချက်ပေးသည့်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မှုများရှိသလို နောက်ထပ်ရုံးချိန်းတစ်ပတ်ခေါ်ယူပြီးမှ အမိန့်ချမှတ်လေ့ရှိသည်ဟုလည်း သိရသည်။

ဦးညီပုသည် တပ်မတော်အာဏာသိမ်းသည့် ဖေဖော်ဝါရီ(၁)ရက်နေ့တွင် နေအိမ်အကျယ်ချုပ်ထိန်းသိမ်းခံခဲ့ရပြီး ပြန်လွတ်လာပြီးနောက် ၄င်း၏ ဖေ့စ်ဘုတ်လူမှုစာမျက်နှာတွင် ပြည်သူသို့ပြန်ကြားချက်ဆိုသည့် မိန့်ခွန်းရုပ်သံကိုတင်ခဲ့သဖြင့် ဖေဖော်ဝါရီ(၁ဝ) ရက်နေ့တွင် တပ်မတော်နှင့် ရဲပူးပေါင်းအဖွဲ့တို့၏ ထပ်မံဖမ်းဆီးခြင်းခံခဲ့ရသည်။

ယင်းနောက် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ)ဖြင့် တရားစွဲဖမ်းဆီးခံခဲ့ရသည်။

တရားစွဲခံထားရစဉ်မှာပင် နောက်ထပ် NLD အစိုးရလက်ထက်မှ ရခိုင်ဝန်ကြီးဟောင်းလေးဦးနှင့်အတူ ဂွမြို့နယ်အတွင်းရှိ ရွာမရပ်ကွက်နှင့် ကင်းရုံကြား သောင်ထွန်းလျက်ရှိသော ဂုံးသောင်ပေါ်တွင် တန်ဖိုးနည်းမြေကွက်ဖော်ဆောင်ရာ၌ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်မညီဘဲ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်မှု စွပ်စွဲချက်ဖြင့် ဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ(၅၅)ဖြင့် ထပ်မံတရားစွဲခံခဲ့ရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ(၅၅)ဖြင့် ၄င်းနှင့်အတူ တရားစွဲခံထားရသည့်ဝန်ကြီးဟောင်းများမှာ စိုက်ပျိုးရေး/ မွေးမြူရေး/ သစ်တောနှင့် သတ္တုဝန်ကြီးဟောင်း ဦးကျော်လွင်၊ စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်၊ လျှပ်စစ်/ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံနှင့် ဘဏ္ဍာ၊ အခွန်/စီမံကိန်းနှင့် စီပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းဖြစ်သည်။

ဦးညီပုအပါအဝင် ၎င်းဝန်ကြီးဟောင်းများကို မနက်ဖြန် စက်တင်ဘာ ၂၉ ရက်တွင် ရုံးချိန်းခေါ်ယူထားကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4729305120414861

Leave a Reply

Your email address will not be published.