နယ်စပ်ကုန်သွယ်ရေးစခန်းများကို ပြည်ထောင်စုက ခွင့်ပြုမှ ပြန်ဖွင့်မည်ဟု ပြည်နယ်ကောင်စီပြော

By Western News/ 2021 September 11

ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှုပြုလုပ်နေသည့် ရခိုင်ပြည်နယ်ရှိ နယ်စပ် ကုန်သွယ်ရေးစခန်းများကို ပြည်ထောင်စုက ခွင့်ပြုချက်ရမှ ပြန်ဖွင့်မည်ဟု ရခိုင်ပြည်နယ်ကောင်စီကပြောသည်။

ရခိုင်တွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၃ ခုရှိပြီး ယင်းတို့မှာ စစ်တွေရွှေမင်းဂံ ကုန်သွယ်ရေးစခန်း၊ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ကညင်‌ချောင်းစီးပွားရေးဇုန်တို့ဖြစ်သည်။ အဆိုပါ ကုန်သွယ်ရေး စခန်းများကို ကိုဗစ် တတိယလှိုင်းဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်နေ့က စတင်ပိတ်ထားခဲ့ခြင်းဖြစ်သည်။

နယ်စပ်ကုန်သွယ်ရေးစခန်းများကိုဖွင့်ရန် ပြည်ထောင်စုသို့ တင်ပြရမည်ဖြစ်ပြီး ယင်းမှ ခွင့်ပြုချက်ရရှိမှသာ ပြန်လည် ဖွင့်လှစ်သွားမည်ဟု ရခိုင်ပြည်နယ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက Western New သို့ပြောသည်။

“နယ်စပ်ကုန်သွယ်ရေး ဘယ်နေ့ ဖွင့်မယ်ဆိုတာတော့ ငါတို့ လည်းမပြောနိုင်သေးဘူး။ ငါတို့က ရခိုင်ပြည်နယ်ရဲ့ ကိုဗစ်အခြေ အနေနဲ့အစီရင်ခံစာရယ်၊ ရခိုင်ပြည်နယ်ရဲ့အနေထားရယ်၊ ပြီးတော့ ဆေးရုံကဆရာဝန်ကြီးရဲ့ သ‌ဘောထားတွေ၊ ပြီးတော့ ငါတို့ လုပ်‌ဆောင်ပေးထားတဲ့ ကိုဗစ်နဲ့ပတ်သတ်တာတွေ အကုန်လုံးကို ဒီရက်ပိုင်းမှာ ပြည်ထောင်စုကို တင်ပြရမယ်။ ပြည်ထောင်စုက ဖွင့်လိုက်လို့ အကြောင်းပြန်မှ ငါတို့က ဖွင့်မယ်”ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ကိုဗစ်ဒုတိယလှိုင်းကလည်း မောင်‌တောနယ်စပ်ကုန်သွယ်ရေးစခန်းကို သြဂုတ်လမှစတင်၍ ပိတ်ထားခဲ့သလို ကညင်ချောင်းစီးပွားရေးဇုန်ကိုလည်း ၂၀၂၀ခုနှစ် ဇွန်လမှစတင်ကာပိတ်ထားခဲ့ရသည်။

ယင်းသို့ ပိတ်ထားခဲ့ရသည့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် ကညင်ချောင်းစီးပွားရေးဇုန်ကို ယခု ၂၀၂၁ ခုနှစ် ဧပြီ ၁၂ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ရှိကုန်သွယ်ရေး စခန်းများမှ တစ်ဖက်နိုင်ငံဘင်္ဂလားဒေ့ရှ်သို့ ကြက်သွန်အပါအဝင် မီးဖိုချောင်သုံးကုန် ပစ္စည်းများကို ၉၀ ရာခိုင်နှုန်းအထိတင်ပို့ကြောင်းလည်းသိရှိရသည်။ မောင်‌‌တောနယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခု တည်းကပင် တစ်လလျှင်ဒေါ်လာ ၁၀ သန်းကျော်အထိကုန်သွယ်နိုင်ကြောင်းသိရသည်။

https://www.facebook.com/westernnewsagency/posts/368437774962733

Leave a Reply

Your email address will not be published.