ဒီဇယ်စျေးနှုန်းမြင့်တက်နေ၍ ရွှေပြည်တန်စီးခ ယခင်ထက် ၁၅၀၀ ကျပ် ပိုကောက်နေရဟုဆို

By Western News/ 2021 September 2

ရခိုင်ပြည်နယ်မှ မြို့နယ်အသီးသီးသို့ ပြေးဆွဲနေသည့် ရွှေပြည်တန် အမြန်ရေယာဉ်မှာ ဒီဇယ်ဆီစျေးနှုန်း မကျ၍ ခရီးသည်တစ်ဦးကို ယခင်ကထက် ၁၅၀၀ ကျပ်ပိုပြီး ကောက်ခံနေရသည်ဟု ရွှေပြည်တန်တာဝန်ရှိသူက ပြောသည်။

ယခင်က ခရီးသည်တစ်ဦးလျှင် ၄၅၀၀ ကျပ်(ရိုးရိုးခုံတန်း) မှ ၅၀၀၀ ကျပ်(အထူးတန်း)သာ ကောက်ခံခဲ့သော်လည်း သြဂုတ်လ ၂၄ ရက်နေ့မှစ၍ ခရီးသည်တစ်ဦးကို ၆၀၀၀ ကျပ်(ရိုးရိုး)မှ ၇၀၀၀ ကျပ်(အထူးတန်း)အထိကောက်ခံ နေခြင်းဖြစ်သည်ဟု ရွှေပြည်တန်ရေယာဉ် မန်နေဂျာ ဦးစံမော်သိန်းကပြောသည်။

“ ဒီဇယ်ဆီစျေးက လုံးဝမကျဘူး။ အဲဒါကြောင့် ခရီးသည်တစ်ယောက်ကို အရင်ထက် ၁၅၀၀ ပိုကောက်နေရတာ။ ဆီစျေးနှုန်းပြန်ကျသွားရင်တော့ ကျွန်တော်တို့ လျော့ကောက်သွားမှာပါ”ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ဖေဖော်ဝါရီလမှစတင်ကာ သြဂုတ်လအထိ စက်သုံးဆီးစျေးနှုန်းများမှာ ဒီဇယ်တစ်လီတာကို ၁၂၅၅ ကျပ်၊ ပရီမီယမ် တစ်လီတာကို ၁၁၇၀ ကျပ်၊ နိုင်တီတူး တစ်လီတာကို ၁၂ဝဝကျပ်၊ နိုင်တီဖိုင်း တစ်လီတာကို ၁၂၇၅ ကျပ် အထိရှိကြောင်း စက်သုံးစီအရောင်းဆိုင်များမှသိရသည်။

ကိုဗစ်ကြောင့် ရွှေပြည်တန်ရေယာဉ်မှာ စစ်တွေမှ ပေါက်တော၊ မင်းပြား၊ မြောက်ဦးစသည့် မြို့ ၃ မြို့ကိုသာ ပြေးဆွဲနေပြီး ကျန်သည့် ကျောက်ဖြူ၊ ဘူးသီးတောင်၊ တောင်ကုတ်၊ မာန်အောင်၊ ရမ်းဗြဲ၊ သံတွဲ၊ ကျောက်နီမော် စသည့်ခရီးစဉ်များကို စက်တင်ဘာလ ဒုတိယအပတ်တွင် ပြန်လည်ပြေးဆွဲသွားမည်ဟုလည်း ဦးစံမော်သိန်းက ပြောသည်။

ယခုလို ကိုဗစ်ကာလတွင် အခြေခံစားသောက်ကုန်စျေးနှုန်းများ၊ ဆေးဝါးအပြင် စက်သုံးဆီစျေးနှုန်းများမှာလည်း လျော့ကျခြင်းမရှိဘဲ ယခင်ကထက် ပိုမိုတက်နေကြသဖြင့် ရွှေပြည်တန်စီးခ ၁၅၀၀ ကျပ်မြင့်ကောက်နေသည်ကို အပြစ်ပြောဝေဖန်စရာမလိုကြောင်း မြောက်ဦးမြို့မှ ခရီးသည် ဦးထွန်းထွန်းဝင်းကပြောသည်။

“ ဆီစျေးနှုန်းတက်လို့ အခုလို စျေးအနည်းငယ်တက်တာကို အပြစ်တင်စရာမရှိပါဘူး။ ကားခစျေးနှုန်းတွေလို ၃ ဆတက်သွားတာမှမဟုတ်ဘူးလေ။ လူတိုင်းလည်း ဒီလောက်စျေးနဲ့ စီးနိုင်ပါတယ်။ ဒါပေမဲ့ ဆီစျေးနှုန်းကျရင်တော့ ပုံမှန်အတိုင်းဖြစ်စေချင်တယ်”ဟု ဆိုသည်။

ယင်းပြင် ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်သို့ ပြေးဆွဲနေသည့် မလိခ အမြန်ရေယာဉ်မှာ လက်ရှိအချိန်တွင် သ‌င်္ဘော ပြင်ဆင်စရာများရှိနေသေးသဖြင့် ပြန်လည်မပြေးဆွဲနိုင်သေးသော်လည်း ယခုလ(စက်တင်ဘာလ) အတွင်း ပြေးဆွဲနိုင်အောင် စီစဉ်နေသည်ဟု မလိခမှ မန်နေဂျာ ကိုအောင်ကိုလင်းကပြောသည်။


https://www.facebook.com/westernnewsagency/posts/362498288890015

Leave a Reply

Your email address will not be published.