တောင်ကုတ်မှ ၁၃ နှစ်အရွယ်ကလေးငယ်တစ်ဦး မျက်စိခွဲစိတ်ကုသရန် အကူအညီလိုအပ်နေ

By Development Media Group (DMG)/ 2021 September 25

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဘာယေကျေးရွာမှ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ မျက်စိခွဲစစ်ကုသရန် ငွေကြေးအထောက်အပံ့လိုအပ်နေကြောင်း မိသားစုဝင်များထံမှ သိရသည်။

အဆိုပါ ကလေးငယ်မှာ အသက် ၆ နှစ်အရွယ်မှစတင်၍ မျက်စိမမြင်ခြင်းဝေဒနာကိုခံစားခဲ့ရပြီး စေတနာရှင်များ၏အကူအညီဖြင့် ဆေးကုသရန်သွားရောက်ခဲ့သော်လည်း ကလေးငယ်၏အသက်အရွယ်ငယ်သေးသဖြင့် ခွဲစိတ်ကုသခြင်းမပြုလုပ်ခဲ့ရဘဲ ၁၃ နှစ်အရွယ်ရောက်မှခွဲစိတ်ရန် ဆရာဝန်မှညွှန်ကြားကာ ပြန်လွှတ်လိုက်ကြောင်း မိသားစုထံမှ သိရသည်။

ယခုအခါ မျက်စိခွဲစိတ်ကုသရန် ကလေး၏အသက်ပြည့်မြောက်ပြီဖြစ်သော်လည်း မိဘအုပ်ထိန်းသူများမှာ ငွေကြေးမတတ်နိုင်သဖြင့် အကူအညီလိုအပ်နေကြောင်း ပြောသည်။

ကလေး၏မိခင် ဒေါ်အေးအေးနိုင်က “သမီးလေးကို မျက်စိမြင်စေချင်တယ်။ ကျမတို့အနေနဲ့ကလဲ တစ်နေ့ရှာမှ တစ်နေ့စားနေရတာဖြစ်တော့ ဆေးကုသခွဲစိတ်ဖို့မတတ်နိုင်ဘူး။ ဒါကြောင့် သမီးလေးမျက်စိကို ခွဲစိတ်ကုသပေးဖို့ အလှူရှင်တွေလိုချင်ပါတယ်။ ပထမလမ်းအထူးအဖွဲ့က ကုပေးဖို့ခေါ်သွားတုန်းက ကလေးအသက်ငယ်သေးလို့ မခွဲခဲ့ရဘူး” ဟု ပြောသည်။

ကလေးငယ်မှာ ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ ယခုကဲ့သို့ မျက်စိကွယ်သွားခြင်းဖြစ်သည်ဟု မိသားစုထံမှ သိရသည်။

လက်ရှိမှာ ကလေးငယ်အား မျက်စိခွဲစစ်ကုသနိုင်ရန်အတွက် တောင်ကုတ်မြို့ မေတ္တာကမ်းလက်ပရဟိတအသင်းမှ ကူညီဆောင်ရွက်နေသော်လည်း ကလေးမျက်စိခွဲစိတ်ကုသရေးအတွက် အလှူငွေလိုအပ်နေသေးကြောင်း အဆိုပါအသင်း ဥက္ကဋ္ဌ ကိုညီညီက ဆိုသည်။

“ကလေးမလေး မျက်စိခွဲစစ်ကုသဖို့က အလှူငွေလိုသေးတယ်။ ကုန်ကျငွေကတော့ ဘယ်လောက်ကုန်မယ် ခန့်မှန်းလို့မရသေးဘူး။ ငွေကလိုသေးမယ်ထင်တယ်။ ကလေးက မျက်စိတစ်ဖက်တည်းမဟုတ်ဘူး နှစ်ဖက်လုံးကိုခွဲစိတ်ရမှာ” ဟု ၎င်းကပြောသည်။

သံတွဲဆေးရုံတွင် ကလေး၏မျက်စိအား ခွဲစိတ်ကုသရန်ပြင်ဆင်ထားပြီး သံတွဲတွင် ခွဲစိတ်၍မရပါက ရန်ကုန်တွင်ခွဲစိတ်ကုသသွားမည်ဖြစ်ကြောင်းလည်း ကိုညီညီကဆိုသည်။

https://www.facebook.com/dmgnewsagency/posts/2118034541682279

Leave a Reply

Your email address will not be published.