By Development Media Group (DMG)/ 2021 September 21
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ တောကန်-ဝါဘိုချောင်းကူးတံတားမှာ ၂၀၁၉ ခုနှစ်မှစတင်ကာ ဆောက်လုပ်နေခြင်းဖြစ်သော်လည်း အပြီးဆောက်လုပ်ရန်အတွက် ရန်ပုံငွေမကျသေးကြောင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဌာနမှ သိရသည်။
“အဓိကတော့ ရန်ပုံငွေမရရှိတာပေါ့။ ရခိုင်ပြည်နယ်မှာကလည်း ပေ ၁၈၀ အထက် တံတားတွေအရမ်းများ လွန်အားကြီးတော့ ရန်ပုံငွေကို နည်းနည်းချင်းလျာပေးနေရတယ်ပေါ့။ ရန်ပုံငွေကတော့ များတယ်ပေါ့နော်။ ဒါပေမယ့် တံတားတစ်စင်းချင်းစီအတွက် ရန်ပုံငွေရရှိမှုကနည်းတာပေါ့လေ”ဟု ကျေးလက်လမ်းဖွံ့ဖြိုးရေးဌာန ညွန်ကြားရေးမှူး(မြို့ပြ) ဦးထွန်းလင်းမော်က ပြောသည်။
ယင်းတံတားအတွက် မိန်းဘတ်ဂျက်မကျသေးခြင်းကြောင့် ဆောက်လုပ်မှုမပြုလုပ်ရသေးခြင်းဖြစ်ကြောင်း၊ မီနီဘတ်ဂျက်ဖြင့်သာ မျှသုံးနေရကြောင်း ၄င်းကဆက်လက်ပြောကြားသည်။
တံတားကို ၂၀၁၉ ခုနှစ်မှစ၍ ဆောက်လုပ်နေခြင်းဖြစ်သော်လည်း လက်ရှိအချိန်ထိ အကောင်အထည်ဖော် ဆောင်ရွက်လာခြင်းမရှိသေးသည့်အတွက် ဆက်လက်မဆောက်လုပ်မည်ကို စိုးရိမ်နေကြောင်း တောကန်ကျေးရွာမှ ဦးအောင်ကျော်လှိုင်က ဆိုသည်။
“၂၁၀၉ ကတည်းက တိုင်တစ်ချောင်းနှစ်ချောင်း အငုတ်ကလေးပဲရှိသေးတယ်။ ကျနော်တို့ မြင်တာကတော့ လုပ်ခဲ့တယ်။ ဒါပေမဲ့ အခုထိ အကောင်အထည်မဖော်နိုင်သေးဘူး။ ကျနော်တို့က နိုင်ငံတော်က သတ်မှတ်ပေးထားတဲ့ တံတားတစ်ခုကို ဘတ်ဂျက်နဲ့အညီ ၂၀၂၁ မှာအပြီးဆောက်လုပ်မယ်လို့တော့ သိရတယ်။ နှစ်ကလည်းကုန်တော့မယ်။ အခုလည်း တိုင်နှစ်ချောင်း၊ သုံးချောင်းနဲ့ ပစ်ထားတော့ ကျနော်တို့လည်း စိတ်ပျက်မိပါတယ်” ဟု ၄င်းက ပြောသည်။
ဒေသခံများအနေဖြင့် ယင်းတံတားကို အသုံးပြုခွင့်ရလျင် ကျန်းမာရေး၊ ပညာရေး၊ လူမူရေး စသည့်ကိစ္စများ အဆင်ပြေသွားမည်ဖြစ်ပြီး တံတားပြီးစီးအောင်ဆောက်လုပ်နိုင်ရန် မျှော်လင့်နေကြောင်း ဝါဘိုကျေးရွာမှ ဦးထွန်းလှက ဆိုသည်။
“တကယ်လို့ တံတားထိုးလိုက်ရင် တောကန်၊ ဝါဘို ကမ်းလည်း ပေါက်သွားတော့ အသွားအလာလည်း အဆင်ပြေပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ လူမူရေးကအစ အကုန်လုံး အဆင်ပြေသွားမယ်။ အခုဆိုရင်တော့ သွားလာရတာလည်း အဆင်မပြေဘူး၊ မိုးရာသီလှိုင်းလေထရင်လည်း သွားလာရေးက အဆင်မပြေဘူးပေါ့” ဟု ၎င်းကပြောကြားသည်။
ဝါဘို- တောကန်တံတားမှာ အရှည်ပေ ၄၅၀ ခန့် ရှည်လျားမည်ဖြစ်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဌာနမှရရှိသည့် ဘတ်ဂျက်ဖြင့် လမ်းတံတားဦးစီးဌာနက ဆောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
“အခုလောလောဆယ် ရံပုံငွေလျာထားတာ ဒီနှစ်မှာတော့မပါဘူး။ ၂၀၂၀-၂၀၂၁မှာ သန်း ၉၀ ပါရင်တော့ တံတားဦးစီးဌာနက ဆောင်ရွက်မှာပါခင်ဗျ။ ကျနော်တို့ ဌာနကတော့ ပေ ၄၅၀ အထက်ကိုဆိုတော့ တံတားဦးစီးဌာနကို ရံပုံငွေ လွဲလိုက်ရပါတယ်။ ကျနော်တို့ဆီက ရံပုံငွေနဲ့ တံတားဦးစီးဌာနကို လုပ်ခိုင်းတာပါ” ဟု ဦးထွန်းလင်းမော်က ဆက်ပြောသည်။
ယင်းတံတားအနီးရှိ ဝါဘို၊ ညိုရောင်၊ မင်းလှ၊ မြစ်နားနှင့် တောကန်စသည့် ကျေးရွာများတွင် လူဦးရေ ကိုးထောင်ခန့်နေထိုင်လျက်ရှိကြောင်း သိရသည်။
https://www.facebook.com/dmgnewsagency/posts/2114956408656759