တစ်နှစ်နီးပါးခန့်ရှိပြီဖြစ်သည့် ရခိုင်ကျောင်းသား ၄ ဦးအမှုကို လာမည့် စက်တင်ဘာ ၁၆ တွင်စွဲချက်အမိန့်ချမည်

By Western News/ 2021 September 14

ရခိုင်တွင် မြန်မာစစ်တပ်မှ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသော ကျောင်းသား ၄ ဦး ၁ နှစ်နီးပါးခန့်ရင်ဆိုင်ခဲ့ရသည့်အမှုကို လာမည့်စက်တင်ဘာ ၁၆ ရက်နေ့ ရုံးချိန်းတွင် စွဲချက်အမိန့်ချမှတ်မည် ဖြစ်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေမှပြောသည်။

ကျောင်းသားများအမှုရင်ဆိုင်နေရသည်မှာ ၁၁ လခန့်ရှိပြီဖြစ်ပြီး နောက်ဆုံးနှစ်ကျောင်းသားများဆိုလျှင် ပညာရေး ပိုင်းများနစ်နာမှုရှိကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ဦးကျော်ညွှန့်မောင် ကပြောသည်။“သူတို့ကို လာမယ့် ၁၆ ရက်နေ့ရုံးချိန်းမှာ စွဲချက်အမိန့်ချမယ်။ ၅၀၅(ခ)နဲ့က ၁၀ လပိုင်းကစွဲထားတာဆိုတော့ ခုဆိုအမှုက ၁၁ လောက်ရှိပြီ။ သူတို့ရဲ့ပညာရေးပိုင်းကတော့ နောက်ဆုံးနှစ်ကျောင်းသားတွေဆို နစ်နာမှုရှိတယ် လေ” ဟုပြောသည်။

ဖမ်းဆီးခံကျောင်းသားများအမှုမှာ ယခုတစ်ကြိမ်လည်း တစ်စုံတစ်ရာထူးခြားမှုမရှိလျှင် မြို့နယ်အလိုက် လှုပ်ရှားမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကျောင်းသားများကို ယခုကဲ့သို့လရှည်ချုပ်ထားခြင်းမှာ တွန်းလှန်မည့် လူငယ်များကို ကြောက်စိတ်သွင်းနေခြင်းမျိုးဖြစ်ကြောင်း စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင် ကပြောသည်။

“ဒီလိုမျိုးအမှုတစ်ခုရင်ဆိုင်နေရတာမှာ ခုလိုအကြာကြီးချုပ်ထားတာဟာ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာကို ရိုက်ချိုးထား သလိုပဲ။ ဒါသက်သက်ညစ်ပတ်တာပေါ့။ နောက်တွန်းလှန်မယ့်လူငယ်တွေကို ကြောက်စိတ်ရောက်သွားအောင်လုပ် တာ။ ဒီတစ်ခေါက်ရုံးချိန်းအမှုလည်း ဘာတစ်ခုမှထူးခြားမှုမရှိဘူးဆိုရင် မြို့နယ်အလိုက်ပူးပေါင်းပြီး ကျနော်တို့ လှုပ်ရှားမှုတွေဆက်လုပ်သွားဖို့ရှိတယ်” ဟုပြောသည်။

ကျောင်းသား ၄ ဦးအမှုမှာ ကိုဗစ်ရောဂါအခြေနေကြောင့် ရုံးများပိတ်ထား၍ ဇူလိုင်လ တတိယပတ်လောက်မစ၍ ယခု စတင်ဘာလဆန်းပိုင်းအထိ အမှုမှာတစ်စုံတစ်ရာထူးခြားမှုမရှိဘဲရပ်တန့်နေခဲ့ပြီး ယခုလာမည့် ရုံးချိန်းတွင်မှ စွဲချအမိန့်ချမှတ်မည်ဖြစ်သည်။

ဖမ်းဆီးခံကျောင်းသား ၄ ဦးမှာ ၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် စစ်တပ်ကရခိုင်တွင် လူ့အခွင့်အရေးချိုးဖောက်မှု နှင့်ပတ်သက်၍ စစ်တွေမြို့ပေါ်၌ NLD အစိုးရအားဆန္ဒထုတ်ဖော်ပြခဲ့ရာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမန်ခန့်ခွဲမှုပုဒ်မ ၂၉ တို့ဖြင့်တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

ဆန္ဒပြရာတွင် ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government၊ No Murder Army၊ ဖက်ဆစ်စစ်တပ်အလိုမရှိ၊ Burmese Government Get Out၊ Burmese Army Get Out စသည့်ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဆန္ဒပြမှုကြောင့် စစ်တွေမြို့နယ်ရဲစခန်းမှ ရဲမှူးဦးဇော်နိုင်မှ နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန မှ ဦးစီးအရာရှိဦးအောင်ဇံဝေမှ တရားလိုလုပ်ပြီးစွဲဆိုထားခြင်းဖြစ်သည်။ တရားစွဲဆိုခံရသူကျောင်းသား ၄ ဦးမှာ စစ်တွေကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဖက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသားများသမဂ္ဂမှ ကိုကောင်းထွန်းတို့ ဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/370290104777500

Leave a Reply

Your email address will not be published.