တင်းမရွာပြန်လည်ထူထောင်နိုင်ရေး အမေရိကန်နိုင်ငံရောက် ရခိုင်အမျိုးသားရန်ပုံငွေအဖွဲ့(IOWA-USA)က ကျပ်သိန်း ၃၀ ကျော်လှူဒါန်း

By Narinjara/ 2021 September 25

အေးမြတ်ခိုင်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာပြန်လည်ထူးထောင်နိုင်ရေးအတွက် အမေရိကန်နိုင်ငံရောက် ရခိုင်အမျိုးသားရန်ပုံငွေအဖွဲ့(IOWA-USA)က မြန်မာကျပ်ငွေ ၃၇ သိန်းကျော်ကို လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

တင်းမကျေးရွာပြန်လည်ထူထောင်ရေးကော်မတီထံ ယမန်နေ့ စက်တင်ဘာလ ၂၄ ရက်တွင် ပေးပို့လှူဒါန်းလိုက်ခြင်းဖြစ်သည်ဟု တင်းမရွာဆရာတော် ဦးဝါယာမိန္ဒက နိရဥ္စရာကို မိန့်သည်။

“ဦးဇင်းတို့ဘဝတွေက ဘယ်လိုပြောရမလဲ။ တင်းမရွာကပြန်ပြီး သုညကနေစတင်ရမှာမလို့ လှူဒါန်းပေးသူတွေကိုလည်းကျေးဇူးတင်ပါတယ်။ အားလုံးလည်း လှူဒါန်းချင်ရင် တင်းမရွာပြန်လည်ထူထောင်ရေးကော်မတီကိုဆက်သွယ်လှူဒါန်းနိုင်ပါတယ်။”ဟု မိန့်သည်။

လက်ရှိတွင် တင်းမရွာသားများ နေရပ်အမြန်ဆုံးပြန်နိုင်ရေး အစိုးရအနေဖြင့် အမြန်ဆုံးဆောင်ရွက်ပေးရန် တင်းမရွာသားများက ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်တွင်တစ်ကြိမ်၊ မေလ ၁ဝ ရက်တွင် တစ်ကြိမ်နှင့် စက်တင်ဘာလ(၂)ရက်တွင် တစ်ကြိမ်၊ စုစုပေါင်း (၃)ကြိမ်တိုင်တိုင် တင်ပြတောင်းဆိုခဲ့ပြီးဖြစ်သည်။

ယင်းသို့တောင်းဆိုထားသော်လည်း တစ်စုံတစ်ရာအကြောင်းပြန်ကြားလာခြင်းမရှိသေးကြောင်း ဆရာတော်ဦးဝါယာမိန္ဒက မိန့်ကြားသည်။

“တင်းမရွာပြန်လည်ထူထောင်ရေးက အစိုးရအပေါ်ပဲ မူတည်ပါတယ်။ ရခိုင်ပြည်နယ်အစိုးရကို စာတင်ထားတာ ၃ကြိမ်တိုင်တိုင်ရှိပြီ အခုထိဘာမှအကြောင်းမပြန်သေးဘူး။ ဒါပေမဲ့လည်း ဦးဇင်းတို့ ကိုယ့်ရပ်ရွာကို ၁၀ လပိုင်း ၂၂ ရက်နေ့မှာ ခြုံတွေ၊ တောတွေကို သွားပြီးရှင်းလင်းဖို့ သဘောတူထားတယ်။ ဆရာတော်တို့ကတော့ ရွာသားတွေ ကိုင်းတွေ၊ လယ်ယာတွေမှာ လုပ်ကိုင်စားသောက်လို့ရအောင် မိုင်းတွေရှင်းတာကိုလည်း လုပ်ပေးစေချင်တယ်။”ဟု ပြောသည်။

တင်းမကျေးရွာအနီး ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လအတွင်း ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာတမ်မတော်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့မှုကြောင့် ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ရွာသားများထွက်ပြေးနေကြစဉ် တင်းမကျေးရွာရှိ နေအိမ် ၅၈၅ လုံးအနက် ၁၃၂ လုံးမီးရှို့ခံခဲ့ရပြီး တစ်စိတ်တစ်ပိုင်း ပျက်စီးသွားတဲ့နေအိမ် ၉၃ လုံးရှိခဲ့သည်ဟု ရွာသားများက ပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းတော်ကြီးကျောင်း၊ စေတီပုထိုး၊ သိမ်၊ ဓမ္မာရုံများလည်း ပျက်စီးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။

မတ်လ ၁၃ ရက်နေ့နှင့် ၁၆ ရက်နေ့တို့တွင်လည်း တင်းမကြီးကျေးရွာနှင့် တင်းမ(သစ်)ကျေးရွာတို့မှ ကျေးရွာသား ၁၈ ဦးတို့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး ယခုအချိန်ထိ အသက်ရှင်လျက် ရှိမရှိကိုမသိရသေးပေ။

လက်ရှိတွင် ဘေးလွတ်ရာသို့တိမ်းရှောင်နေရသည့် တင်းမရွာသားများသည် ကျောက်တော်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ဝင်ရောက်ခိုလှုံနေရသည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/4720094971335876

Leave a Reply

Your email address will not be published.