တင်းမကျေးရွာသားများ နေရပ်ပြန်နိုင်ရေး တတိယအကြိမ်မြောက် ပြည်နယ်စစ်ကောင်စီသို့ တောင်းဆိုချက်ပေးပို့ထား

By Western News/ 2021 September 3

ရခိုင်ပြည်နယ် တိုက်ပွဲကာလတွင်း၌ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရသည့် တင်းမကျေးရွာသားများမှာ မိမိနေရပ်သို့ပြန်နိုင်ရန် ယခင်တောင်းဆိုမှု ၂ ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း အကြောင်းတစ်စုံတရာမထူးခြား၍ ယခုတစ်ဖန် တတိယအကြိမ်မြောက် တောင်းဆိုမှုပြုလုပ်ထားကြောင်း တင်းမကျေးရွာမှ နေရပ်ပြန်နိုင်ရေးကောင်စီအဖွဲ့ဝင်များမှ ပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့က တာဝန်ရှိသူများထံသို့ လိပ်မူ၍ တောင်းဆိုချက်များအား ပေးပို့ထားပြီး အချက် ၅ ချက်အကျုံးဝင်ပါရှိကြောင်း ယခင်တင်ပြချက်များလည်း တစ်စုံတစ်ရာထူးခြားမှုရှိမလာ၍ ယခုကဲ့သို့ထပ်တောင်းဆိုမှု ပြုလုပ်ရခြင်းဖြစ်ကြောင်း တင်းမကျေးရွာမှ ဆရာတော် ဦးဝါယမိန္ဒ ကပြောသည်။

“တင်ထားတာကတော့ ၂ ရက်နေ့ကပါ။ ခုတောင်းဆိုချက်တွေထဲမှာ အချက်ငါးချက်ပါတယ်။ ပျက်စီးနေတဲ့နေအိမ် တွေပြန်ဆောက်ပေးဖို့။ လိုအပ်တဲ့ရိက္ခာထောက်ပံ့မှုတွေပေးဖို့။ ကျေးရွာအနားမှာ မိုင်းရှင်းလင်းပေးဖို့။ ၁၈ ယောက်ဖမ်းဆီးခံရမှုကို စုံစမ်းဖော်ထုတ်ပြီး အရေးယူဆောင်ရွက်ပေးဖို့။ ရွာအနီး တပ်စွဲထားတဲ့စစ်တပ်ရုပ်သိမ်းပေး ဖို့။ ဒီလိုနေရပ်ပြန်ရေးတို့ဆိုတာ အစိုးရကတာဝန်ယူလုပ်ပေးရမယ့်အရာတွေပါ။ ဒါတွေကို ကိုယ်တော်တို့က ကူညီပြီး လုပ်ပေးနေတာ။ တစ်ရွာလုံးနဲ့ဆွေးနွေးချက်အရ ၁၀ လပိုင်းလောက်ကို ကိုယ်တော်တို့ အပြီးပြန်ချင်နေကြတယ်” ဟုမိန့်သည်။

အချက်ငါးချက်ပါတောင်ဆိုချက်ကို ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဝန်ကြီးဦးသန်းထွန်း၊ မြို့နယ်ရဲမှူး၊ အမှတ်စဉ် (၉) စစ်ဆင်ရေး ကွပ်ကဲရေးမှူးဌာန (ကျောက်တော်) စသည့်ဌာနဆိုင်ရာအကြီးအကဲ များသို့ ယမန်နေ့ကအပြီးစီး ပေးပို့ထားပြီးဖြစ်ကြောင်း ဆရာတော်ကဆက်မိန့်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းအား ယမန်နေ့က ဆက်သွယ်မေး မြန်းကြည့်ရာ ၎င်းတောင်းဆိုချက်ပါစာမူများ ရောက်ရှိခြင်း မရှိသေးကြောင်းပြောခဲ့ပြီး ယနေ့ထပ်မံဆက်သွယ် ကြည့်ရာ ဆက်သွယ်၍ မရရှိခဲ့ပေ။

တင်းမကျေးရွာသား ဦးထွန်းသိန်းကလည်း စစ်ဘေးရှောင်စခန်းတွင်နေရသည်များမှာ အခက်ခဲအလွန်ဖြစ်ကြောင်း သို့ဖြစ်၍ကျေးရွာအကြီးကဲများနှင့်ညှိနှိုင်းပြီး ရွာပြန်ရန်စီစဉ်ခြင်းဖြစ်ကြောင်း ပြောသည်။

“ပြန်ချင်တယ်ဆိုတာကလည်း စစ်ဘေးရှောင်စခန်းတွေမှာနေရတာ တော်တော့်ကိုအခက်ခဲဖြစ်ပါတယ်။ ကျနော်တို့ ရွာသားတွေ ခုနေနေကြတာက သံကျောင်း စခန်း၊ ကဝိရတနာစခန်းတို့မှာနေကြတယ်။ စခန်းမှာက ပေးကြတယ်ဆိုပေမယ့် မလောက်ငနိုင်ဘူးလေ။ ကိုဗစ်ကြောင့်လို့တစ်မျိုး ရိက္ခာတွေမရောက်တာ ရတဲ့ရိက္ခာ နည်းနည်းလေးကိုတောင် ကြီးကြပ်ရေးတွေကမပေးဘူး။ အတော်လည်းဒုက္ခရောက်နေကြရတာပါ။ ၄’ပေ ၅’ ပေ ဝါးတဲလေးထဲမှာ ကျပ်သိပ်ပြီးနေနေရတယ် စားရေးကလည်းအဆင်မပြေဆိုတော့ သူငယ်ချင်းအသိတွေက သနားလို့ကူညီပေးရင်လည်း ပြောဆိုခံရ။ အဲဒါကြောင့်ဘာပဲဖြစ်ဖြစ် သေတာထက်ပိုမရှိတော့ဘူး ငါတို့ရွာပြန်ကြမယ်ဆိုပြီး ခုလိုမျိုးထပ်တောင်းဆိုထားတာပေါ့” ဟုဆိုသည်။

တင်းမကျေးရွာသားများနေရပ်ပြန်မည့်အရေးကို ယခင် ၂၀၂၁ ခုနှစ် မတ်လ လောက်က တောင်းဆိုမှု ၂ ကြိမ်ပြုလုပ် ခဲ့သော်လည်း ထူးခြားမှုမရှိဖြစ်ခဲ့ကာ ယခုတစ်ဖန် ပြည်နယ်စစ်ကောင်စီတာဝန်ရှိသူများသို့ ထပ်မံတောင်းဆိုမှု ပြုလုပ်ထားခြင်းဖြစ်သည်။

တင်းမကျေးရွာမှာ ၂၀၂၀ ခုနှစ် မတ်လမှစ၍ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်ပြီး ကျေးရွာတွင် နေထိုင်စဉ် ကျေးရွာသား ၁၈ ဦးပျောက်ဆုံးမှုဖြစ်ပွားခဲ့ကာ ပျောက်ဆုံးနေသူများထဲမှ တစ်ဦး၏ ရုပ်အလောင်းကိုသာ တွေ့ရှိခဲ့ပြီးနောက် ကြောက်ရွံ့ကာ ရွာလုံးကျွတ်ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/363121252161052

Leave a Reply

Your email address will not be published.