By Western News/ 2021 September 9

စစ်တွေမြို့ရွှေစေတီဘုန်ကြီးကျောင်းတိုက်အတွင်း ဆောက်လုပ်နေသည့် ဆရာတော် ဦးဥတ္တမ ပြတိုက်အား ငွေကြေးမရှိ၍ ဆောက်လုပ်မှုရန်တန့်နေရပြီး ဆောက်လုပ်ပြီးစီးရန် ငွေကျပ်သိန်း ၇၀၀ ကျော်အထိ လိုအပ်နေသေးကြောင်းသိရသည်။
အဆိုပါပြတိုက် ဆောက်လုပ်နေသည်မှာ ၈ နှစ်တိုင်ကြာမြင့်ခဲ့ပြီ လက်ရှိတွင် ငွေကျပ်သိန်း ၂၆၀၀ ခန့်ကုန်ကျခဲ့ကာ ၆၅ ရာခိုင်နှုန်းထိ ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်းရွှေစေတီ ဆရာတော် အရိယာဝံသကမိန့်သည်။
ကျန် ၃၅ ရာခိုင်နှုန်း ဖြစ်သည့် ပြတိုက်အပြင်အဆင်များဖြစ်သည့် ဓါတ်ပုံကပ်ရန်၊ မီးဆင်ရန်၊ ဆေးသုတ်ရန်၊ ပြူတင်းပေါက် တံခါးတပ်ရန် ၊ ကြွေပြားခင်းရန်၊ လုံခြုံရေးကင်မရာများတပ်ဆင်ရန်စသည့်တို့ ပြုလုပ်ရန်တို့အတွက် ငွေကျပ် သိန်း ၇၀၀ ကျော်လိုအပ်နေသေးကြောင်း ဆရာတော်ကြီးက မိန့်သည်။
“ပြတိုက်တည်ဆောက်တာမှာ ငွေကျပ် အကုန်လုံး သိန်း ၂၆၀၀ လောက်ကုန်ကျခဲ့ပြီးပြီ။ ရာခိုင်နှုန်းအားဖြင့် တော့ ၆၅ ရာခိုင်နှုန်းလောက်တော့ ပြီးစီးနေပြီပေါ့။ ပြတိုက် လုံးဝပြီးစီးဖို့အတွက် အိန်ဂျင်နီယာ ကတော့ စတီးအမိုး၊ ဓါတ်ပုံ ၂၀၀ ကပ်ဖို့အတွက်ရယ်၊ ပြီးတော့ ပြူတင်းပေါက်ရယ်၊ ဆေးရောင်တွေသုပ်ဖို့အတွက် သိန်း ၇၀၀ ကျော် လောက်ကုန် ဦးမယ်ပြောတယ်။ လက်ရှိမှာတော့ ငွေကျပ်သိန်း ၅၀ လောက်ပဲရှိသေးတယ်”ဟုမိန့်သည်။
ဆရာတော်အရှင်ဦးဥတ္တမနှင့်ပတ်သတ်၍ ရခိုင်မြို့နယ်များတွင် ကြေးသွန်းရုပ်ထုသာ လုပ်ဆောင်ထားမှုများရှိပြီး ယခုကဲ့သို့ ဦးဥတ္တမပြတိုက်မှာ တည်ဆောက်ခြင်းသည် မြန်မာနိုင်ငံတွင် ပထမဦီးဆုံးဖြစ်ကြောင်းဆရာတော် အရိယာဝံသာက မိန့်သည်။
“အာရှတစ်လုံးအတွက် လွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့ ဆရာတော်ကြီးရဲ့ ကြိုးပမ်းမှုတွေကို ပြတိုက်တစ်ခုလောက် သာမရှိရင် နောက်ဆိုရင် သမိုင်းဟာ ပျောက်ကွယ်သွားနိုင်တယ်။ ရခိုင်က မြို့နယ်တွေမှာ ဦးဥတ္တမရုပ်ထုပဲ လုပ် နိုင်သေးတယ်။ ဒီ ပြတိုက်က ကတော့ ပထမဆုံးပြတိုက်ဖြစ်တယ်။ ဆရာတော်ရဲ့ သမိုင်းအကြောင်းတွေကိုဖော် ပြထားနိုင်မယ့် ပြတိုက် တစ်ခုကတော့ လိုကိုလိုအပ်တယ်။ ဒါကြောင့် ပြီးမြောက်ဖို့အတွက်ကို အကုန်လုံးက ဝိုင်း ဝန်းလုပ်ဆောင်ကြစေချင် ပါတယ်”ဟုမိန့်သည်။
ဆရာတော်အရှင်ဦးဥတ္တမပြတိုက်တည်ဆောက်နိုင်ရန် စစ်တွေကမ္ဘောဇဘဏ်မှအလှူငွေ သိန်း ၁၀၀ ကျပ်၊ ထိုင်းရောက် ရခိုင်သားများမှ ငွေကျပ်သိန်း ၁၀၀ ၊ မိမိထံမှ ငွေကျပ်သိန်း ၁၀၀ စုစုပေါင်းသိန်း ၃၀၀ နှင့် ဆရာတော်ဦးဥတ္တ၏ အခွေများကို ရောင်းချ၍ ရရှိသည့်ငွေ ကျပ်သိန်း ၂၀ စသည်တို့ဖြင့် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်မှစ၍ စတင်အကောင် အထည်ဖော်ဆောက်လုပ်ခဲ့ ခြင်းဖြစ်သည်။
ဆရာတော် ဦးဥတ္တမကို ၁၈၇၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စစ်တွေမြို့ ရူပရွာ ချောင်းနားတန်းတွင် ဖခင် ဦးစံမြနှင့် မိခင် ဒေါ်အောင်ကြွဖြူတို့မှ မွေးဖွားခဲ့ပြီး အသက် ၁၆ နှစ်အရွယ်အတွင် ရှင်သာမဏေဝတ်ပြီး ဗုဒ္ဓစာပေများကို လေ့လာဆည်းပူကာ ပြင်သစ်၊ ဟီန္ဒီ၊ ဂျပန်၊ အင်္ဂလိပ်၊ ဘင်္ဂလီ၊ တိဗက်စသည့် စာပေများနှင့် စ ကားများကိုလည်း တတ်မြောက်ခဲ့သည်။
ဆရာတော်ဦး ဥတ္တမသည် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ပေးဆပ်ကြိုးပမ်းရင်း ၁၉၃၉ ခု စတင်ဘာလ ၉ ရက်နေ့တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။ ဆရာတော် ပျံလွန်တော်မူသည့် စက်တင်ဘာလ ၉ ရက်နေ့ကို ရခိုင်အမျိုးသားများက ဆရာတော် ဦးဥတ္တမနေ့အဖြစ်သတ်မှတ်ပြီး ပြည်တွင်းပြည်ပများတွင် နှစ်စဉ်နှစ်တိုင်း ကျင်းပကြသည်။
https://www.facebook.com/westernnewsagency/posts/367661911706986