ဆရာတော်ဦးဥတ္တမသီတင်းသုံးခဲ့ရာ ဂျပန်နိုင်ငံ နာဂိုယာမြို့တွင် ဦးဥတ္တမနေ့အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပ

By Narinjara/ 2021 September 27

သဥ္ဇာနွယ်

ဂျပန်နိုင်ငံ နာဂိုယာမြို့တွင် ၈၂ ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ဂျပန်ရှိ ရက္ခိုင်အစည်းအရုံး-ဂျပန်အဖွဲ့ကဦးဆောင်ပြီး ပထမဆုံးအကြိမ် စက်တင်ဘာ ၂၆ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆရာတော်ဦးဥတ္တမသီတင်းသုံးခဲ့သော ဂျပန်နိုင်ငံ နာဂိုယာမြို့တွင် ယမန်နေ့ နံနက် ၁ဝ နာရီမှ ညနေ ၃ နာရီခွဲအထိ ကိုဗစ်စည်းကမ်းနှင့် အညီ ကျင်းပခဲ့သည်ဟု သိရသည်။

ဦးဥတ္တမနေ့သည် စက်တင်ဘာ ၉ ရက်နေ့ဖြစ်သော်လည်း ဂျပန်ရောက် ရခိုင်အမျိုးသားများအနေဖြင့် ဆရာတော် သီတင်းသုံးခဲ့သည့် နာဂိုယာမြို့ရှိ ဆရာတော်ပြတိုက်အထိ သွားရောက် ဂါရဝပြုနိုင်ရေးအတွက် စက်တင်ဘာ ၂၆ ရက်နေ့ အားလပ်ရက်ကို ရွေးချယ်ကျင်းပရခြင်းဖြစ်သည်ဟု သိရသည်။

ရခိုင်အစည်းအရုံး(ဂျပန်)ယာယီဥက္ကဋ္ဌ ဦးထွန်းမြခိုင်က “နာဂိုယာမြို့မှာ ကျင်းပရတာက ဂျပန်မှာရောက်နေတဲ့ ရခိုင်သူ/ရခိုင်သားတွေ ဆရာတော် သီတင်းသုံးခဲ့တဲ့ဒီနေရာကို သိစေချင်လို့ပါ။ မသိတဲ့ သူတွေလည်းရှိနေတော့။ ပြီးတော့ ပြည်တွင်းမှာရှိတဲ့သူတွေကိုလည်း ဒီလိုမျိုး နာဂိုယာမြို့မှာ ဆရာတော်ဦးဥတ္တမပွဲကျင်းပခဲ့တာကို အများသူတွေသိစေချင်ပါတယ်”ဟု ပြောသည်။

အခမ်းအနားကို တက်ရောက်လာကြသူများက ဆရာတော်အား အောက်မေ့ ဂုဏ်ပြုသည့်အနေဖြင့် ရှေးဦးစွာ ဆရာတော်အား ဦးသုံးကြိမ် ဦးချပူဇော်ပြီး အာရက္ခနိုင်ငံတော်သီချင်းသီဆိုကာ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

အခမ်းအနားတွင် ရက္ခိုင်အစည်းအရုံး-ဂျပန်အသင်း၏ ယာယီဥက္ကဋ္ဌ ဦးထွန်းမြခိုင်က အဖွင့်အမှာစကား ပြောကြားပြီး အသင်းသူ အသင်းသားများ ကိုယ်စား ကိုသစ္စာ၊ ကိုကျော်စိန်ထွန်း၊ ကိုဝင်းနိုင်နှင့် ကိုဘိုတေတို့က ဆရာတော်၏ အတ္ထုပ္ပတိအကျဉ်းနှင့် ဆရာတော်၏ လေးစား အားကျအတုယူဖွယ် တော်လှန်ရေးစိတ်ဓာတ်များကို ဟောပြောခဲ့ကြသည်ဟု သိရသည်။

အဆိုပါအခမ်းအနားကို ဂျပန်ရောက် ရခိုင်အမျိုးသား ၅၀ ကျော် တက်ရောက်ခဲ့သည်ဟုလည်း သိရသည်။

ရက္ခိုင်အစည်းအရုံး-ဂျပန်အဖွဲ့အစည်းသည် ဂျပန်နိုင်ငံတစ်ဝှမ်းရှိ ရခိုင်အသင်းအဖွဲ့ ၄ ဖွဲ့ဖြင့် စုပေါင်းဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်သည်ဟု သိရသည်။

၈၂ ကြိမ်မြောက်ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားကို ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်ကလည်း ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Minamil Otsuka Hallတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4726679137344126

Leave a Reply

Your email address will not be published.