ဆရာတော်ဦးဥတ္တမနေ့တွင် ဆရာတော့်ရုပ်တုအား ကိုဗစ်စည်းကမ်းနှင့်အညီ ပန်းခွေချခွင့်ပြုမည်ဟု ရခိုင်ပြည်နယ်အစိုးရပြော

By Narinjara/ 2021 September 7

​အေးမြတ်ခိုင်

လာမည့်စက်တင်ဘာလ ၉ ရက်​တွင်ကျ​ရောက်မည့် ဆရာ​တော်ဦးဥတ္တမ​နေ့တွင် ပြည်သူများအ​နေဖြင့် ဆရာတော့်ရုပ်တုကို ကိုဗစ်စည်းကမ်းနှင့်အညီ ပန်း​​ခွေချမည်ဆိုပါက ခွင့်ပြုမည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတ​​ရေးရာဝန်ကြီး ဦးသန်းထွန်းက ​ပြောသည်။

“ကိုဗစ်စည်းကမ်းနဲ့အညီ ပန်း​ခွေချခွင့်ရှိပါတယ်။ ဆရာ​တော်ဦးဥတ္တမ​နေ့က အသိမှတ်ပြုရမဲ့​နေ့တစ်​နေ့ဆို​ပေမဲ့လည်း​လေ။ ကိုဗစ်ကာလဖြစ်တဲ့အတွက်​ကြောင့် ပြည်သူ​တွေအ​နေနဲ့လည်း ဆရာ​တော်ဦးဥတ္တမကိုရိုသေ​သောအားဖြင့် ကိုဗစ်စည်းကမ်းနဲ့အညီပဲ ပန်း​ခွေချကြဖို့ကို​ပြောချင်ပါတယ်။”ဟု ​ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ဆရာ​တော်ဦးဥတ္တမ​နေ့အခမ်းအနားကို ကိုဗစ်ကြောင့် ယခင်နှစ်များကကဲ့သို့ ကျင်းပရန်မရှိ​သလို ဆရာတော်အားရည်မှန်းပြီး ဆွမ်းကျွေးခြင်းများကိုလည်း ပြုလုပ်ရန် မရှိဟု ဆိုသည်။ သို့သော် ကိုဗစ်စည်းကမ်းနှင့်အညီ ပန်းခွေချခြင်းကိုသာ ပြုလုပ်သွားမည်ဟုလည်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း မြို့များတွင်လည်း ဆရာ​တော်ဦးဥတ္တမ​နေ့ အခမ်းအနားကို စည်စည်ကားကားမကျင်းပနိုင်​သော်လည်း မြို့အသီးသီးရှိ ဆရာ​တော်ရုပ်တုကို ဂါရဝပြုခြင်း၊ ဆီမီးထွန်းခြင်းနှင့် လွမ်းသူ့ပန်း​ခွေချခြင်းများကို ကိုဗစ်စည်းကမ်းနှင့်အညီ လုပ်​ဆောင်သွားရန်ရှိ​ကြောင်း သိရသည်။

မြောက်ဦးလူငယ်များအစည်းအရုံး ဥက္ကဋ္ဌ ကိုခိုင်မင်းသျှင်က “ပွဲစီစဉ်ထားတာတော့မရှိဘူး။ ကျွန်တော်တို့အဖွဲ့ကတော့ သွားရောက် ဂါရဝပြုဖို့တော့ရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် ဆရာ​တော်ဦးဥတ္တမ​နေ့အကြို မြို့နယ်အများအပြားတွင် ဆရာ​တော့်ရုပ်တုအား သန့်ရှင်း​ရေးများ ပြုလုပ်မှုများလည်း ရှိနေပြီဖြစ်ကြောင်း သိရသည်။

ရခိုင်လူမျိုးဖြစ်သည့် ဆရာတော်ဦးဥတ္တမသည် မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ လွတ်လပ်ရေးအသိ၊ လွတ်လပ်ရေးမျက်စိကို ဖွင့်ပေးခဲ့သည့် မြန်မာ့လွတ်လပ်ရေးမီးရှူးတန်ဆောင်ဆရာတော်တစ်ပါးဖြစ်သည်။

ဆရာတော်ပျံလွန်တော်မူသွားခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့ ကျရောက်လာလျှင်လည်း ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားကို ရခိုင်ပြည်နှင့် ရန်ကုန်အပါအဝင် ပြည်ပနိုင်ငံများတွင်ပါ ကျင်းပတတ်ကြသည်။

https://www.facebook.com/narinjara.info/posts/4661882717157102

Leave a Reply

Your email address will not be published.