By Western News/ 2021 September 4
ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် တစ်ခါသုံး Mask တစ်ခုကို နှစ်ကြိမ် သုံးကြိမ်ခန့်အသုံးပြုနေ ရသည်အထိ စခန်းများ၌ ကိုဗစ်ကာကွယ်ရေးပစ္စည်းလုံလောက်မှုအားနည်းနေနေကြောင်း စစ်ရှောင်စခန်း တာဝန်ခံ များမှ ပြောသည်။
စခန်းများတွင် Mask နှင့် လက်သန့်ဆေးရည် အနည်းငယ်လောက်သာထောက်ပံမှုရှိပြီး တစ်ခါသုံး Mask တစ်ခုကိုပင် ကြိမ်ရေများစွာ အသုံးပြုနေရကြောင်း မြောက်ဦးမြို့ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးဝင်းနိုင်က Western News ကိုပြောသည်။
“စခန်းမှာက Mask လုံလောက်မှုမရှိဘူး။ တစ်ခါသုံး Mask တွေကိုလည်း ၃၊ ၄ ခါလောက်သုံးနေကြရတယ်။ အစိုးရဆီကလည်း လူတစ်ယောက်ကို ၄ ခုလောက်ပဲ လာထောက်ပံ့ထားတယ်။ ICRC ကတော့ အဝတ်စ Mask တစ်ယောက် ၁၀ ခုလောက်တော့ လာထောက်ပံထားတာရှိပါတယ်။ လက်သန့်ဆေးရထားတာကလည်း စခန်းတစ်ခုလုံးအတွက်ဆိုရင် လုံလောက်မှုသိပ်မရှိဘူး”ဟု သူကပြောသည်။
နောက်ထပ်မျိုးရိုးဗီဇကွဲ ကိုဗစ်ပိုးရခိုင်တွင်တွေ့ရှိထားမှုကြောင့် ကိုဗစ်ကာကွယ်ရေးပစ္စည်းများ လုံလောက်မှု အားနည်းသည့် စစ်ဘေးရှောင်စခန်းများအတွက် စိုးရိမ်စရာဖြစ်နေသည်ဟု သူကဆက်ပြောသည်။
စခန်းတွင် ကိုဗစ်ကာကွယ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများလည်း အားနည်းကြောင်း ကိုဗစ်ကာကွယ်ဆေး မထိုးရသေးသည့် ဦးရေ ၂၀၀၀ ခန့်ရှိနေသေးသောကြောင့်လည်း ရောဂါများပျံ့နှံ့မှုရှိလာမည်ကို စိုးရိမ်နေရသေး ကြောင်း ကျောက်တော်မြို့နယ် ညောင်းချောင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောသည်။
“ကိုဗစ်ကာကွယ်မှုတွေနဲ့ပတ်သက်ပြီးတော့ အားနည်းမှုတွေရှိတယ်လို့ ပြောရမယ်။ ဒီလောက် ကိုဗစ်တတိယလှိုင်း ဆိုးဆိုးရွားရွား ဖြစ်နေချိန်မှာတောင် Mask တို့ လက်သန့်ဆေးတို့ လုံလုံလောက်မရခဲ့ဘူး။ တစ်ဖက်မှာ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း အတော်အားနည်းတယ်။ နောက်ပြီး စခန်းမှာက ကိုဗစ်ကာကွယ်ဆေးထိုး ထားတာ အသက် ၆၅ နှစ်အထက် ၅၈ ယောက်ပဲရှိသေးတယ်။ နောက်ထက် ထိုးမယ့်လူ ၂၀၀၀ နီးပါးလောက် ကျန်နေသေးတော့ ကိုဗစ်ပိုးတွေ ထပ်ပျံ့လာမှာကိုစိုးတယ်”ဟုပြောသည်။
စစ်ရှောင်စခန်းများ ကိုဗစ်ကာကွယ်ရေးအတွက် အဖွဲ့စည်းများ၏ ထောက်ပံ့မှုများကိုသာရယူနေရခြင်းဖြစ်ပြီး အိမ်စောင့်အစိုးရအား အားကိုး၍မရနိုင်ကြောင်း အဖွဲ့စည်းများမှလည်း မည်မျှထိထောက်ပံ့နိုင်မည်ကို မသိနိုင်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) အတွင်းရေးမှူး ကိုဇော်ဇော် ထွန်းက ပြောသည်။
“စစ်ဘေးရှောင်တွေအတွက် ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေက ထောက်ပံပေးဖို့ လုပ်နေကြတာတော့မြင်တယ်။ အိမ်စောင့် အစိုးရကိုတော့ သိပ်အားကိုးလို့ ရမယ်မထင်ဘူး။ ဘက်ဂျက်တွေလည်း ရှိချင်မှ ရှိလိမ့်မယ်။ နိုင်ငံတကာ အဖွဲ့တွေကလည်း ဘယ်လောက် ထိလုံလောက်မှုရှိအောင်ထောက်ပံ့နိုင်မလဲ မသိနိုင်သေးဘူးဟု” သူကပြောသည်။
ရခိုင်တွင် ကိုဗစ်ဖြစ်ပွားမှုပြင်းထန်ခဲ့ချိန် စစ်ဘေးရှောင်စခန်းများ၌ ကိုဗစ်ပိုးတွေ့ရှိမှုများရှိခဲ့ပြီး စခန်းများအား Lock down ချလိုက်ရသည့်အခြေနေထိရှိခဲ့ကာ စခန်းတွင်း စားဝတ်နေရေးအကျပ်တည်းများလည်း များစွာ ကြုံတွေ့ခဲ့ကြရ သည်။
လက်ရှိချိန်ထိ နေရပ်မပြန်နိုင်သေးသည် စစ်ရှောင် ဦးရေ ၁၀၀၀၀၀ နီးပါးခန့်ကျန်နေသေးပြီး စစ်ရှောင် များနေရပ်ပြန်နိုင်ရန် ပြည်နယ်စစ်ကောင်စီမှ စီမံဆောင်ရွက်မှုများရှိခဲ့သော်လည်း အနည်းငယ်သာ ပြန်ခဲ့ပြီး ကျန်လူများမှာ မိုင်းအန္တရာယ်၊ ရွာအနီးတပ်စခန်းချထားမှုအခြေနေများကြောင့် နေရပ်ပြန်ရန် ခက်ခဲနေကြခြင်း ဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/364437608696083