စစ်တွေရှိ Rock N’ Roll KTV အနှိပ်ခန်းတွင် လူစုလူဝေးလုပ်၍ဟုဆိုကာ လူ ၃၈ ဦးဖမ်းဆီးခံရ

By Narinjara/ 2021 September 20

သဥ္ဇာနွယ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက်ရှိ Rock N’ Roll KTV အနှိပ်ခန်းတွင် လူစုလူဝေးလုပ်၍ဟုဆိုကာ လူ ၃၈ ဦး ယမန်နေ့ညက ဖမ်းဆီးခံလိုက်ရသည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံလိုက်ရသူတို့တွင် အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၂၆ ဦးပါဝင်ပြီး ယမန်နေ့ စက်တင်ဘာလ ၁၉ ရက် ည ၁ဝ နာရီကျော်တွင် ရဲတပ်ဖွဲ့ထံ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု သိရသည်။

Rock N’ Roll KTV အနှိပ်ခန်းပိုင်ရှင် ဦးကျော်ဌေးက “ကျနော်တို့ဆိုင်ကို ညက ဝင်ဖမ်းသွားတာ ဟုတ်ပါတယ်။ လူစုလူဝေးလုပ်လို့။ အသေးစိတ်ကိုတော့ မသိရသေးဘူး။”ဟု နိရဥ္စရာသတင်းဌာနကို ယနေ့နံနက် ၁ဝ နာရီခန့်တွင် အတည်ပြုပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ကိုဆက်သွယ်ရာ ရဲတပ်ဖွဲ့ကိုသာမေးမြန်းရန်ပြောဆိုသည့်အတွက် မြို့နယ်ရဲတပ်ဖွဲ့အား ထပ်မံဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရသေးပါ။

မကျည်းမြိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

စစ်တွေတွင် ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက် ညကလည်း မင်းဂံရပ်ကွက် ကန်တော်ကြီးအကွက် ၄ ရှိ ROYAL စားသောက်ဆိုင်တွင် လူစုလူဝေးပြုလုပ်သူ အမျိုးသား/ သမီး ၃၂ ဦးကိုဖမ်းဆီးကာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅/၂၉ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့သည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/4702194729792567

Leave a Reply

Your email address will not be published.