By Development Media Group (DMG)/ September 3
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်က ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စု ၄၀၀ အတွက် COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများကို ပရဟိတလူငယ်အသင်း(Charity Youths Organization)နှင့် မရမာကြီးလူငယ်ကွန်ယက်(Maramagri Youth Network)တို့ပူးပေါင်းပြီး ယနေ့ စက်တင်ဘာ ၃ ရက် နံနက်က ထောက်ပံ့ပေးအပ်ခဲ့သည်။
လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်တတိယလှိုင်းတွင် တစ်နေ့စာအတွက် ရှာဖွေစားသောက်နေရသည့် အခြေခံအလုပ်သမားများမှာ အပြင်ထွက်ပြီး အလုပ်လုပ်ကိုင်နိုင်ကြခြင်းမရှိ၍ စားဝတ်နေရေးအခက်အခဲများဖြစ်ပွားနေသည့်အတွက် ယခုကဲ့သို့ထောက်ပံ့ရခြင်းဖြစ်ကြောင်း ပရဟိတလူငယ်အသင်းမှ အမှူဆောင်ဒါရိုက်တာ ကိုထူးထူးကပြောသည်။
“ဒီကိုဗစ်တတိယလှိုင်းမှာ စစ်တွေမြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့သူတွေ၊ တစ်နေ့လုပ်မှ တစ်နေစားသောက်ရတဲ့ အခြေခံအလုပ်သမားတွေက အပြင်ထွက်ပြီးတော့လုပ်ကိုင်နိုင်ခြင်းမရှိတဲ့ကြအတွက် စားဝတ်နေရေးအခက်အခဲဖြစ်နေတာတွေကို လာရောက်ပြီးတော့ထောက်ပံ့ကူညီရတာဖြစ်တယ်”ဟု ကိုထူးထူးကဆိုသည်။
ယခုထောက်ပံ့ပေးသည့် စစ်တွေမြို့ပေါ်မှရပ်ကွက်များတွင် စက်ရုံရပ်ကွက်၊ ဓညဝတီရပ်ကွက်၊ ကသဲရပ်ကွက်၊ ရွာသာယာရပ်ကွက်၊ ကျေးတောရပ်ကွက်တို့ဖြစ်ကြောင်းသိရသည်။
လက်ရှိထောက်ပံ့ရာတွင် Mask ၊ လက်သန့်ဆေး၊ ဆပ်ပြာ၊ ဆန်၊ ပဲ၊ ငရုတ်သီးခြောက်၊ အာလူး၊ ကြက်ဥ အစရှိသည့် ကိုဗစ်ကာကွယ်ရေးပစ္စည်းများနှင့် စားသောက်ကုန်များပါဝင်ကြောင်း သိရသည်။
“ပထမအကြိမ်တုန်းက ကျွန်တော်တို့တစ်ဖွဲ့တည်း ထောက်ပံ့ခဲ့တာရှိတယ်။ အခုထောက်ပံ့တာကတော့ နှစ်ဖွဲ့ပူးပေါင်းပြီး ဒုတိယအကြိမ်ထောက်ပံ့တာဖြစ်တယ်။ မရမာကြီးလူငယ်အဖွဲ့နဲ့ပေါ့။ နှစ်ဖွဲ့ပူးပေါင်းပြီးတော့ အိမ်ထောင်စု ၄၀၀ ကို ထောက်ပံ့ပေးသွားမှာဖြစ်တယ်။ အိမ်ထောင်စုတစ်စုကို သတ်မှတ်ထားတာက ငွေသားဖြင့်ဆိုရင် ငါးသောင်းနီးပါးလောက်ရှိတယ်”ဟု ကိုထူးထူးကပြောသည်။
ပရဟိတလူငယ်အသင်းမှ ပထမအကြိမ်ထောက်ပံ့ခဲ့စဉ်က စစ်တွေမြို့ပေါ်မှ ဆင်းရဲနွမ်းပါးသည့်အိမ်ထောင်စု ၂၀၀ အတွက် ကိုဗစ်ကာကွယ်ရေးပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
ထို့အပြင် မရမာကြီးလူငယ်ကွန်ယက်ပရဟိတအသင်းမှာလည်း စစ်တွေမြို့တစ်ခုတည်းတွင် ထောက်ပံ့ခြင်းမျိုးမဟုတ်ဘဲ ရခိုင်ပြည်မြို့နယ်အများအပြားရှိ ဆင်းရဲနွမ်းပါး၍ စားဝတ်နေရေးအခက်အခဲဖြစ်နေကြသည့် အခြေခံအလုပ်သမားများကို ထောက်ပံ့ကူညီပေးနေကြောင်း သိရသည်။
“ဒီမရမာကြီးလူငယ်ကွန်ယက်အဖွဲ့ကတော့ စစ်တွေမြို့တစ်ခုတည်း အထိုင်မဟုတ်ဘူးပေါ့။ ရခိုင်ပြည်မှာရှိတဲ့ မြို့နယ်အလိုက် ဖွဲ့စည်းထားတဲ့အဖွဲ့တစ်ခုဖြစ်တယ်။ ပြီးခဲ့အပတ်လောက်ကဆိုရင်လည်း မင်းပြား၊ မြောက်ဦး အစရှိတဲ့မြို့နယ်တွေမှာစားဝတ်နေရေးအခက်အခဲတွေရှိကြတဲ့သူတွေကို ထောက်ပံ့ခဲ့တာရှိတယ်။ နောက် ထပ်မြို့နယ်အလိုက် ထောက်ပံ့ပေးသွားမဲ့အစီအစဉ်တွေရှိတယ်”ဟု မရမာကြီးလူငယ်ကွန်ယက်အသင်းမှ ဒုဥက္ကဋ္ဌ ကိုဝင်းမြင့်ကပြောသည်။
အဆိုပါ ပရဟိတအသင်းနှစ်ခုသည် လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်တတိယလှိုင်းတွင် စားဝတ်နေရေးအခက်အခဲဖြစ်နေကြသည့်အိမ်ထောင်စုများကို ဆက်လက်ထောက်ပံ့ကူညီပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
https://www.facebook.com/dmgnewsagency/posts/2100657540086646