စစ်တွေတွင် နှာခေါင်းစည်း Mask မတပ်ဘဲလမ်းသွားလာသူအယောက် ၁ဝဝ ခန့် ကိုဗစ်စစ်ဆေးခံရ

By Narinjara/ 2021 September 10

သဉ္ဇာနွယ်

ဓာတ်ပုံ – သိကြားစေချင်ငွေသဇင်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့နံနက်က နှာခေါင်းစည်း Mask မတပ်ဘဲ လမ်းသွားလာနေသူ အယောက် ၁၀၀ ခန့်ကို ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက တားဆီးပြီး ရှောင်တခင် ကိုဗစ်ပိုး စစ်ဆေးခဲ့သည်ဟု သတင်းရရှိသည်။

၎င်းတို့အား စစ်တွေမြို့ အဝင် မင်းဂံရပ်ကွက်၊ မုခ်ဦးအနီးရှိ စစ်ဆေးရေး ဂိတ်တွင် ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက တားဆီးပြီး RTD Test Kit ဖြင့် ရှောင်တခင် စစ်ဆေးခဲ့သည်ဟု စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က နိရဥ္စရာသို့ပြောသည်။

“ဒီနေ့ စက်တင်ဘာ ၁ဝ ရက် မနက်ပိုင်းလောက်က စစ်တာ။ နှာခေါင်းစည်း Mask မတပ်တဲ့ အယောက် ၁ဝဝ ကို တားဆီးပြီးစစ်တာ။ တစ်ခါတည်းစစ်ပြီး တစ်ခါတည်း အဖြေထုတ်ပေးတာပါ။ ကိုဗစ် ကာကွယ်ဖို့အတွက် အထက်လူကြီးအမိန့်အရ ဆောင်ရွက်ရတာပါ”ဟု အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

သို့သော်လည်း စစ်ဆေးသူတစ်ဦးတစ်ယောက်၌ ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်း မရှိကြောင်း သိရှိရသည်။

“ အဓိကတော့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေရှိတဲ့ နေရာတွေကို စစ်တာပါ။ ကူးစက်ပျံ့နှံ့မှုတွေ မရှိအောင်ကြိုတင် တားဆီးတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာပါ” ဟု ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့က စစ်တွေ လေဆိပ်တွင် ရှောင်တခင် စစ်ဆေးခဲ့ရာ ခရီးသည် ၂ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး စက်တင်ဘာ ၇ ရက်နေ့တွင်လည်း ခရီးသည် ၂ ဦး၌ ကိုဗစ်ပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

နယ်စပ်ထွက်ပေါက်မြို့များဖြစ်သော စစ်တွေမြို့နယ်၊ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး ကိုဗစ် Delta မျိုးစိတ်အသစ် ကူးစက်မှုမရှိရအောင် ကြိုတင် ကာကွယ်သည့် အနေဖြင့် ယခုလို ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ရခိုင်တစ်ပြည်လုံးတွင် စက်တင်ဘာ ၉ ရက်နေ့အထိ ကိုဗစ် အတည်ပြုလူနာ ၄၅ဝ၇ ဦး၊ သေဆုံးသူ ၄၁၉ ဦးနှင့် ကုသဆဲ ၃၁၁ ဦးရှိနေပြီဖြစ်ကြောင်း ပြည်နယ်အစိုးရ၏ထုတ်ပြန်ချက်စာရင်းအရ သိရသည်။

https://www.facebook.com/narinjara.info/posts/4671397169538990

Leave a Reply

Your email address will not be published.