စစ်တွေတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း Delta မျိုးစိတ်ပိုးရှိသူ ၁ ဦးတွေ့သော်လည်း ပုံမှန်အတိုင်းသွားလာလှုပ်ရှားမှုရှိနေ

By Narinjara/ 2021 September 2

ဇော်ဝင်းအောင်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း Delta မျိုးစိတ်ပိုးရှိသူ ၁ ဦးတွေ့ထားသော်လည်း မြို့နေလူထုအနေဖြင့် ပုံမှန်အတိုင်းသွားလာလှုပ်ရှားမှုရှိနေကြသည်ကို ယနေ့ စက်တင်ဘာလ ၂ ရက် နေ့လယ်ပိုင်းက တွေ့ရသည်။

ရခိုင်ပြည်နယ်၏မြို့တော်လည်းဖြစ်၊ ပြည်နယ်တွင်း လူနေထူထပ်သောမြို့လည်းဖြစ်သည့် စစ်တွေမြို့မစျေးကြီးတွင် စျေးဝယ်သူများနှင့် စျေးရောင်းချသူများတွင် နှာခေါင်းစည်း (Mask) မတပ်သူများ ရှိနေသေးသည်။

အလားတူ မြို့တွင်းသွားလာလှုပ်ရှားနေကြသူများအနေဖြင့်လည်း ကိုဗစ်စည်းကမ်းကိုလိုက်နာမှုအားနည်းနေသေးသလို နှာခေါင်းစည်း (Mask)မတပ်သူများကိုလည်း တွေ့ရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲသော Delta မျိုးစိတ် ပိုးတွေ့ရှိသူ ၁၅ ဦးတွင် စစ်တွေမှ ၁ ဦးပါဝင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ်လ ၃၁ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

Delta မျိုးစိတ် ပိုးတွေ့ရှိသည့် ကျန် ၁၄ ဦးမှာ နေပြည်တော်မှ ၅ ဦး၊ ရန်ကုန်မှ ၂ ဦး၊ မန္တလေးမှ ၂ ဦး၊ တောင်ငူ၊ လားရှိုး၊ မော်လမြိုင်၊ မုံရွာနှင့် ကလေးမြို့များမှ ၁ ဦးစီတို့ဖြစ်သည်။

အဆိုပါ ၁၅ ဦးလုံးတွင် တွေ့ရှိရသည့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းမျိုးကွဲမှာ အထူးဂရုစိုက်ရမည့် မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ (Variant of Concern) Delta မျိုးစိတ်ဖြစ်သည်ဟုလည်း ဆိုထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ Delta မျိုးစိတ်ကို အိန္ဒိယနိုင်ငံတွင် စတင်တွေ့ရှိခဲ့ပြီး ယခု အချိန်တွင် နိုင်ငံပေါင်း ၁၆၃ နိုင်ငံ၌ ပျံ့နှံ့လျက်ရှိသည်ဟု သိရသည်။

Delta မျိုးစိတ်သည် ရောဂါပိုးကူးစက်နိုင်မှုနှင့် ရောဂါပြင်းထန်မှု မြင့်မားသဖြင့် သေဆုံးနိုင်ခြေ မြင့်တက်လာနိုင်သည့်အပြင် အချို့သော ကိုဗစ်-၁၉ ကာကွယ်ဆေးများ၏ အကျိုးအာနိသင်ကိုလည်း အနည်းငယ် လျော့ကျစေနိုင်ကြောင်း သိရသည်။

လက်ရှိ စစ်တွေတွင် စက်တင်ဘာလ ၁ ရက်အထိ ကိုဗစ်အတည်ပြုလူနာ ၅၉၄ ဦးနှင့် သေဆုံးသူ ၇၁ ရှိပြီး တစ်ပြည်လုံးအတိုင်းအတာအားဖြင့် ဒုတိယကူးစက်မှုအများဆုံးမြို့ဖြစ်သည်။

https://www.facebook.com/narinjara.info/posts/4645825532096154

Leave a Reply

Your email address will not be published.