စစ်ကြောရေးထဲက မေ့မရတဲ့ ဖြစ်ရပ်ဆိုးတွေ

By Development Media Group (DMG)/ 2021 September 24

“ကျွန်တော်တို့ကို လုပ်ခဲ့သလို သူတို့လည်း ပြန်ခံရလိမ့်မယ်။ ဝဋ်ဆိုတာ ပြန်လည်တတ်ကြတာပဲ။ ဒါကို ကျွန်တော် ဘယ်လိုမှ မေ့လိုရမှာမဟုတ်ဘူး”

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား(၂၇)ဦးဟာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က မြန်မာစစ်တပ်ကဖမ်းဆီးတာ ခံခဲ့ရပါတယ်။ ဖမ်းဆီးခံရသူတွေထဲက ကိုဇော်မျိုးထွန်း ၂၅ နှစ်၊ ဦးသိန်းထွန်းစိန် ၃၅ နှစ်နဲ့ ဦးမောင်သန်းနု ၄၁ နှစ်တို့ဟာ စစ်ကြောရေးကာလအတွင်း သေဆုံးသွားခဲ့ပါတယ်။

ကျန်တဲ့ လက္ကာကျေးရွာသား ၂၄ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခဲ့ပြီးတော့ အသက် ၁၇ နှစ်အရွယ် ကိုစိုးမင်းဦးနဲ့ အသက် ၁၈ နှစ်အရွယ် ကိုစိုးမိုးကျော်တို့နှစ်ဦးကို အသက်မပြည်သေးတဲ့အတွက် ကလေးသူငယ်အမှုနဲ့ အပြင်ကနေ တရားရင်ဆိုင်စေခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် မတ်လအတွင်းမှာ ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ကလေးသူငယ်အမှု (၁၇)မှုကို စစ်ကောင်စီက ပြန်လည်ရုပ်သိမ်းပေးတဲ့အခါ ကိုစိုးမင်းဦးနဲ့ ကိုစိုးမိုးကျော်တို့နှစ်ဦးလည်း လွတ်မြောက်ခဲ့ပါတယ်။

လက္ကာကျေးရွာသားတွေ ဖမ်းဆီးခံရတဲ့နေ့က ကျေးရွာအတွင်းမှာ ဘယ်လိုတွေဖြစ်ခဲ့သလဲ၊ ဖမ်းဆီးခံရတဲ့သူတွေဟာ စစ်ကြောရေးအတွင်း ဘယ်လိုဖြတ်သန်းခဲ့ရလဲ စတဲ့အကြောင်းတွေနဲ့ပတ်သက်လို့ ပြန်လည်လွတ်မြောက်လာတဲ့ ကိုစိုးမင်းဦးကို DMG က တယ်လီဖုန်းကတစ်ဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။    ။ပထမဆုံးအနေနဲ့ ကိုစိုးမင်းဦးတို့ ဖမ်းဆီးခံရတဲ့နေ့က အခြေအနေကို ပြောပြပေးပါအုံး။

ဖြေ။     ။အဲဒီနေ့က ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ပေါ့။ ရွာအရှေ့မှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ခဲ့ကြပါတယ်။ တိုက်ပွဲဖြစ်တာက မနက် (၇)နာရီလောက်မှာဖြစ်တာ။ မိနစ်(၃၀)လောက်ကြာခဲ့တယ်။ တိုက်ပွဲငြိမ်သွားတဲ့အခါ ကျေးရွာသားတွေကတော့ ပုံမှန်အတိုင်း ကိုယ့်အလုပ်ကို လုပ်နေကြသေးတာပေါ့။ မနက်(၁၀)နာရီလောက်ကျတော့ စစ်သားတွေက ရွာထဲကိုဝင်လာကြတယ်။

မေး။    ။စစ်သားတွေက လက္ကာကျေးရွာကို ဘယ်လိုမျိုးဝင်လာခဲ့တာလဲ။ ကျေးရွာမှာ ဘာတွေဆက်ဖြစ်ကြသလဲ။

ဖြေ။     ။စစ်သားတွေ ရွာထဲကိုဝင်လာတာတဲ့ သေနတ်တွေပစ်ပြီးတော့ ဝင်လာတယ်။ စစ်သားတွေဝင်လာတယ်ဆိုတာနဲ့ ရွာသားတွေက အကုန်လုံးဘုန်းကြီးကျောင်းကိုဝင်ပြေးကြတယ်။ စစ်သားတွေက ရွာသားတွေကို ဘုန်းကြီးကျောင်းကနေ ခေါ်ထုတ်တယ်။ ပြီးတော့ ရွာလည်ကန်ဘောင်အနီးမှာ စုထားကြတယ်။ မိန်းမတွေကိုသပ်သပ်၊ ယောကျင်္ားတွေကိုသပ်သပ် ခွဲထားတယ်။ အဲဒီကနေ့ပြီးတော့ ရွာအဝင်ဝကိုခေါ်လာတယ်။ အဲဒီမှာရေကန်တစ်ကန်ရှိတယ်။ အဲဒီနားမှာ ထိုင်ခိုင်းပြန်တယ်။

မေး။    ။လက္ကာကျေးရွာသားတွေက ဘယ်လို ဖမ်းဆီးခံခဲ့ရတာလဲ။

ဖြေ။     ။စစ်သားတွေက လက္ကာရွာကို အေအေတွေဝင်သွားတယ်ဆိုပြီး လာဖမ်းတာ။ အဲဒီတုန်းကနိုင်ငံရေး အခြေအနေကြောင့် ရွာမှာအလှည့်ကျကင်းစောင့်ကြတယ်။ ကင်းတဲတစ်ခုမှာ လူနှစ်ဆယ်ကျော်စီခွဲပြီး ကင်းစောင့်ကြတာ။ စစ်သားတွေက အဲဒီကင်းစောင့်တဲ့လူစာရင်းကို ရသွားတယ်။ အဲဒီစာရင်းအတိုင်းပဲ ရွာထဲကလူတွေကိုခေါ်ထုတ်တယ်။
ပထမတော့ ကျွန်တော့်ကိုမေခါ်ဘူး။ ရွာသားတွေကိုခေါ်ထုတ်ပြီးတော့ ဒီရွာမွာ ဧည့်သည်တွေရွိလားမေးတယ်။ ကျွန်တော်က မြောက်ဦးမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာကပါ။ လက္ကာရွာမွာ ဆွေးမျိုးတွေနဲ့ လက်သမားလုပ်နေတာ။ ဧည့်သည်တွေ ထွက်ဆိုတော့ ကျွန်တော်ထွက်ခဲ့တယ်။ ထွက်လာတာနဲ့ နေပူခံခိုင်းတာပဲ။ နွစ်နာရီ သုံးနာရီလောက် နေပူခံခဲ့ရတယ်။ ပြီးတော့ အရိပ်မွာခဏဝင်ထိုင်ခိုင်းတယ်။ ခဏနေပြန်ထွက်ဖို့ခိုင်းတယ်။ နေပူပြင်ကို နောက်တစ်ခေါက် ထွက်တာနဲ့ အေကြာင်းအရင်းကို ဘာမှမသိရဘဲ လက်ကိုနောက်ပြန်ချည်တာပဲ။ ပြီးရင် စစ်သားတစ်ယောက်က ကျွန်တော့်ကို လာမေးတယ်။ ရွာထဲမွာ AA တွေ သွားတာမြင်လိုက်လားလို့မေးတယ်။ မမြင်လိုက်လို့ဖြေတယ်။ ဒါက မင်းလိမ်နေတာပဲလို့ ပြောတယ်။ မင်းမလိမ်နဲ့ မင်းသိတယ်လို့ တစ်ခွန်းသာပြောခဲ့။ မင်းသိတယ်လို့ပြောရင် ငါတို့တွေ ဒီလိုလည်းမလုပ်ဘူးလို့ ပြောတယ်။ကျွန်တော်ကလည်း ကိုယ်မှမမြင်လိုက်တာ မမြင်တာကို မမြင်ဘူးလို့ပဲ ပြောတာပဲ။

မေး။    ။ဒီလိုဖမ်းဆီးခံရတော့ ဆက်ပြီးဘယ်နေရာကို ခေါ်သွားတာလဲ။

ဖြေ။     ။ခဏနေရင် လူ ၂၇ ယောက်လုံးကိုခေါ်တယ်။ တန်းစီပြီး နှစ်ယောက်တစ်ပူး၊ နှစ်ယောက်တစ်ပူးစီ ကြိုးနဲ့ချည်ပြီး ကားလမ်းမထက်ကိုခေါ်ယူတယ်။ ပြီးရင် ကားပေါ်ကိုတင်တယ်။ ပြီးတော့ မြောက်ဦး ၅၄၀ တပ်ရင်းကိုခေါ်သွားတယ်။ အဲဒီရောက်တော့ ကားပေါ်ကဆင်းခိုင်းတယ်၊ ကွင်းပြင်တစ်ခုရှိတယ်။ အဲဒီမှာ အကုန်လုံးမှောက်ပြီးနေရတယ်။ နှစ်ယောက်တစ်ပူးစီး ချည်ထားတာဆိုတော့ ကားပေါ်က နှှစ်ယောက်အတူတူဆင်းဖို့က ခက်ခဲတယ်။ ဆင်းတဲ့အခါ ခဏလေးနောက်ကျတယ်ဆိုတာနဲ့ ခြေနဲ့နင်းပစ်တယ်။ ပြီးတော့ ကားထဲက ဆင်းလာတဲ့လူတွေကို ခြေနဲ့လိုက်ပြီး ကန်ကျောက်တယ်။ ဆင်းပြီးတာနဲ့ လူတွေအားလုံးကို အဝတ်စနဲ့ မျက်နှာတွေကိုစည်းတာပဲ။ လူတစ်ယောက်ချင်းရဲ့ အသက်၊ နာမည်၊ မိဘနာမည်မေးတယ်။ ပြီးရင် လေယာဉ်ပေါ်တင်တာပဲ။

မေး။    ။အဲဒီအခြေအနေမှာ ဘယ်လိုဆက်ဖြစ်မယ်လို့ ထင်ခဲ့လဲ။

ဖြေ။     ။တစ်ခါမှလည်း ဒီလိုမျိုးမကြုံဖူးဘူး။ ပြီးတော့ ဒီလိုဖမ်းဆီးခံရတာ ရခိုင်ပြည်နယ်မှာ လက္ကာရွာသား ၂၇ ဦး ပထမဆုံးတောင် ဖြစ်မယ်ထင်တယ်။ ကျွန်တော် ဒီလိုဖြစ်တာကြားလည်း မကြားဖူးဘူး။ ကြောက်တာပေါ့။ သတ်ပစ် မလားလည်း မသိဘူး။ ဘယ်နေရာကို ခေါ်ဆောင်သွားမှန်းလည်းမသိ။ အရမ်းကြောက်နေမိတယ်။ ပြီးတော့ ကျွန်တော်တို့ အခုလိုဖမ်းဆီးခံရတဲ့အတွက် အိမ်ကမိဘတွေ တစ်ခုခုဖြစ်သွားမှာလည်း စိုးရိမ်တယ်။

မေး။    ။မြောက်ဦး ၅၄၀ တပ်ရင်းကနေ လက္ကာကျေးရွာသားတွေကို ဘယ်နေရာကို ထပ်ပြီးခေါ်သွားသေးလဲ။

ဖြေ။     ။အဲဒီကနေ့ပြီးတော့ ကျွန်တော်တို့ကိုလေယာဉ်ပေါ်တင်၊ လက်တွေကို ကေဘယ်တိတ်ကြိုးနဲ့ နောက်ပြန်ချည်တယ်။ ခြေထောက်တွေကို ပူးချည်တယ်။ လေယာဉ်နဲ့ ဘယ်နေရာကိုပို့လဲမသိဘူး။ လေယာဉ်ပေါ်မှာ ငါးမိနစ်လောက်နေရတယ်။ လေယာဉ်ပေါ်မှာလည်း တစ်ယောက်အပေါ်တစ်ယောက် ပုံပြီးတင်လာခဲ့တာ။ ကြိုးတွေချည်ထားတာက ကျပ်လွန်းတော့ သွေးတွေတောင် မလျှောက်တော့ဘူး။ ရုန်းရင်လည်း သူတို့ကရိုက်တယ်။ လက်တွေကိုရိုက်တယ်။ စစ်ဦးထုပ်တွေနဲ့ ခေါင်းတွေရိုက်တယ်။ ခဏလောက်ဆိုတော့ လေယာဉ်ဆင်းတယ်။ လေယာဉ်ကနေပြီး ကားပေါ်တင်တယ်။ ပြီးတော့ ဘယ်နေရာမှန်းမသိတဲ့ နေရာကိုပို့တယ်။ အဲဒီမှာ တစ်ယောက်တစ်နေရာထားတယ်။ မိုးလင်းပြီးမှ စစ်တွေကိုရောက်နေမှန်း သိရတယ်။ ကျွန်တော်တို့ကို လက္ကာကနေပြီးတော့ ညဥ့်ချင်း စစ်တွေကိုပို့ခဲ့တာပဲ။

မေး။    ။စစ်ကြောရေးအတွင်းမှာ ဘယ်လိုမျိုး စစ်ဆေးမေးမြန်ခံခဲ့ရလဲ။

ဖြေ။     ။ကျွန်တော် ထမင်းသုံရက်ငတ်ခဲ့တယ်။ နောက်တစ်နေ့မှာတော့ ကျွေးတယ်။ ကျွေးတာလဲထမင်းတစ်ခုတည်း၊ ဘာမှမပါဘူး။ ကျွန်တော်တို့ကိုစစ်ဆေးခဲ့တာတွေက မင်း AA လား။ မင်း AA မှာ ဘာတွေလုပ်လဲ။ မင်း AA မှာ ဘာတွေ ကူညီလဲ။ ကိုယ်ပိုင်နံပါတ်၊ မင်း AA မှာ ဘယ်အရာ ရပြီလဲလို့မေးတယ်။ ကျွန်တော် အဲဒါအားလုံး ဘာမှမဟုတ်လို့ဖြေခဲ့တယ်။ ကျွန်တော်ကိုတော့ လက်သီးနဲ့ မျက်နှာတွေကိုထိုးတယ်။ တုတ်အငယ်နဲ့ ခြေတွေကိုရိုက်တယ်။ နာလို့ ကျွန်တော်ငိုတယ်။ ငိုတာနဲ့မရိုက်တော့ဘူး။ တရားစွဲတဲ့အခါ AA နဲ့ ဆက်သွယ်ရေးလုပ်တယ်ဆိုပြီးစွဲတယ်။

မေး။    ။ဖမ်းဆီးခံရတဲ့ လက္ကာကျေးရွာသား ၂၇ ဦးထဲက စစ်ကြောရေးကာလမှာ သုံးဦးသေဆုံးသွားတာရှိတယ်။ သူတို့ သေဆုံးတာကိုရော ဘာတွေသိခဲ့ရလဲ။

ဖြေ။     ။အဲဒါကိုတော့ ကျွန်တော်မသိခဲ့ဘူး။ လူ ၂၇ ယောက်ကို ဟိုနေရာမှာတစ်ယောက်၊ ဒီနေရာမှာတစ်ယောက် ထားတာ။ နေရာလည်းဝေးတယ်ဆိုတော့ သူတို့ ဘယ်လိုသေခဲ့တယ်ဆိုတာကို ကျွန်တော်မမြင်တွေ့ခဲ့ရဘူး။ ပြီးတော့ ကျွန်တော်က လူကြီးတွေလို ဟိုမှာစစ်ဆေးခံရ၊ ဒီမှာအစစ်ဆေးခံရ အဲလိုမျိုးတော့ စစ်ဆေးမခံခဲ့ရဘူး။ စစ်ကြောရေးမှာ ၂၁ ရက်နေခဲ့ရတယ်။ ပြီးမှ စစ်တွေအမှတ်(၁)ရဲစခန်းကိုပို့တယ်။ ရဲစခန်းကို ပို့တဲ့နေ့မှ သူတို့သေဆုံးသွားတယ်ဆိုတာကို သိခဲ့ရတယ်။ စစ်တွေရဲစခန်းမှာ တစ်လလောက်နေခဲ့ရတယ်။ ပြီးမှာ တရားစွဲဆိုတာတွေလုပ်ခဲ့တာ။ ကျွန်တော်က ၂၀၁၉ ခုနှစ် ၈ လပိုင်းမှာတော့ ကလေးငယ်အမှုနဲ့ အာမခံရပြီး အပြင်ကနေတရားရင်ဆိုင်ပြီးတော့ ၂၀၂၁ ခုနှစ် မတ်လမှာ ပြန်လွတ်ခဲ့တယ်။

မေး။    ။အခုလိုဖမ်းဆီးချုပ်နှောင်ခံရပြီး တရားစွဲဆို ခံခဲ့ရတာနဲ့ပတ်သက်လို့ ဘာပြောချင်လဲ။

ဖြေ။     ။ကျွန်တော်တို့ကို လုပ်ခဲ့သလို သူတို့လည်း ပြန်ခံရလိမ့်မယ်။ ဝဋ်ဆိုတာ ပြန်လည်တတ်ကြတာပဲ။ ဒါကို ကျွန်တော် ဘယ်လိုမှမေ့လိုရမှာမဟုတ်ဘူး။ ကျွန်တော်တို့ကိုလုပ်ခဲ့တဲ့သူတွေကို ဥပဒေကြောင်းအရဖြစ်ဖြစ်၊ ဘယ်လိုဖြစ်ဖြစ် အပြစ်ပေး အရေးယူစေချင်တယ်။

မေး။    ။လက္ကာကျေးရွာသား ၂၂ ဦး တရားရင်ဆိုင်နေရတာ အခုဆိုရင် သုံးနှစ်နီးပါးရှိနေပြီ။ သူတို့ မလွတ်မြောက် သေးတဲ့အပေါ် ဘာများပြောချင်လဲ။

ဖြေ။     ။သူတို့ကို အမြန်ဆုံး လွတ်စေချင်တယ်။ သူတို့တွေက ကျွန်တော်တို့လို လူပျိုလူလွတ်လည်း မဟုတ်ဘူး။ သူတို့မှာ မိသားစုတွေရှိတယ်။ မိသားစုစားဝတ်နေရေး၊ သားသမီးတွေကျန်းမာရေး၊ ပညာရေး အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေကြရတယ်။ မိသားစုတွေ ရုန်းကန်နေရတာကိုလည်း ဝမ်းနည်းမိတယ်။ တရားရင်ဆိုင်နေရတဲ့ လက္ကာကျေးရွာသားတွေကို အမြန်ဆုံး ပြန်လွတ်ပေးစေချင်ပါတယ်။
အောင်ထိန်မေးမြန်းသည်။

https://www.facebook.com/dmgnewsagency/posts/2117248538427546

Leave a Reply

Your email address will not be published.