စစ်ကောင်စီက ပိတ်ဆို့ထားသည့်အတွက် ဆမီးမြို့လူထု ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရ

By Irrawaddy/ 2021 September 4

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဆမီးမြို့အား စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ကန့်သတ်ထားသဖြင့် မြို့ခံလူထု အနေဖြင့် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

ဆမီးမြို့ခံ မမြတ်မာက “ကျမတို့ ဘယ်မှ သွားလို့မရဘူး။ သူတို့ (စစ်တပ်) ပိတ်ထားတာ ၁ လလောက်ရှိနေပြီ။ မတူပီဘက်ကလည်း ကားတွေ လာလို့ မရဘူး။ ဆန်ဆို လုံးဝ ဝယ်လို့တောင် မရတော့ဘူး။ အိမ်နီးနားချင်းတွေဆီက ချေးငှားပြီး အားလုံး မျှပြီးတော့ စားသောက်နေကြရတယ်” ဟု ဧရာဝတီကို ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း မတူပီဘက်မှ ဆမီးမြို့ဘက်သို့ လာရောက်သော ကုန်တင်ကား ၁ စီး လမ်းတွင် မီးရှို့ခံရသည့် ဖြစ်စဉ်များရှိခဲ့ရာ ၎င်းကိစ္စအပေါ် လုံခြုံရေး အကြောင်းပြကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဆမီးမြို့ကို ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့ ကန့်သတ်ထားခြင်း ဖြစ်ကြောင်း မြို့ခံများ က ပြောသည်။

ဆမီးမြို့ခံ အမျိုးသား တဦးကလည်း “အဓိက ပြတ်တောက်နေတာက ဆန်ပါ။ အခုဆို လုံးဝ ဝယ်လို့မရတော့ဘူး။ သူတို့က ပလက်ဝဘက်ကိုလည်း သွားခွင့်မပြုဘူး။ ကျောက်တော်ဘက်ကို သွားတဲ့ ရေလမ်းကိုလည်း ပိတ်ထားတယ်။ သူတို့က မတူပီဘက်က လာတဲ့ကား မီးလောင်သွားတာကို အကြောင်းပြပြီး ပိတ်ထားတာ။ အဲဒီ ကားကလည်း အရပ်သားကားလား၊ သူတို့ကားလား ဆိုတာ ကျနော်တို့လည်း မသိဘူး။ ဒီအတိုင်း မလွယ်ဘူး။ အကုန် ငတ်ကြမယ့်သဘော ရှိတယ်” ဟု ဆိုသည်။

ထိုသို့ ဆမီးမြို့အား ၁ လနီးပါးကြာ မြင့်သည်အထိ ပိတ်ဆို့ကန့်သတ်ထားသဖြင့် သြဂုတ် လကုန်ပိုင်းက ဆန် ၁ အိတ်လျှင် ၂၅၀၀၀ ကျပ်မှ ၄၅၀၀၀ ကျပ်အထိ ဈေးထိုးတက်သွားကာ ဓာတ်ဆီဈေးမှာလည်း တလီတာလျှင် ကျပ် ၁၅၀၀ မှ ၃၅၀၀ ကျပ်အထိ ဈေးမြင့်တက်ခဲ့မှုများ ရှိကြောင်း၊ လက်ရှိအချိန်တွင် ဈေးဆိုင်များ၌ ရောင်းချရန် ပစ္စည်းများပင် မရှိတော့ကြောင်း မြို့ခံများက ပြောသည်။

ပလက်ဝမြို့နယ်အတွင်းရှိ ဆမီးမြို့ပေါ်တွင် လူဦးရေ သောင်းချီရှိပြီး စစ်တပ်နှင့် ရက္ခိုင့်စစ်တပ် (AA) တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ရှောင် ၅၀၀၀ နီးပါးမှာ လက်ရှိအချိန်အထိ နေရပ်မပြန် နိုင်ဘဲ ဆမီးမြို့ စစ်ရှောင်စခန်းများတွင် ဝင်ရောက် ခိုလှုံနေကြရဆဲဖြစ်ရာ လက်ရှိအခြေအနေတွင် မြို့ခံများနှင့် စစ်ရှောင်များမှာ ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်။

https://www.facebook.com/theirrawaddyburmese/posts/4833571633353617

Leave a Reply

Your email address will not be published.