စက်သုံးဆီစျေးနှုန်းများကို သတ်မှတ်စျေးနှုန်းအတိုင်းမရောင်းချပါက တိုင်ကြားနိုင်ဟုဆို

By Narinjara/ 2021 September 29

သဥ္ဇာနွယ်

စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီများကို သတ်မှတ်စျေးနှုန်းအတိုင်းမရောင်းချပါက တိုင်ကြားနိုင်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းတို့ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသောစျေးနှုန်းဖြင့်ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ ဗဟိုဘဏ်မှရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စက်တင်ဘာလ ၂၂ ရက်မှစတင်၍ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်ဟု စက်တင်ဘာလ ၂၆ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည်။

ယင်းကြောင့် ပြည်သူများအနေဖြင့် စက်သုံးဆီများကို သတ်မှတ်စျေးနှုန်းများအတိုင်း ဝယ်ယူမရရှိပါက ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်း ကော်မတီ ဖုန်း ၀၉-၆၆၄၀၇၅၆၈၃၊ ၀၉-၆၆၄၅၉၆၃၂၇၊ ဝ၉-၆၈၇၆၃၅၉၄၃ နှင့် ၀၉-၆၇၆၃၂၀၈၂၆ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဖုန်း ၀၁-၂၅၀၂၇၀ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း ဖုန်း ၀၉၄၂၁ဝဝ၆၇၉၄ တို့ထံ ဆက်သွယ်တိုင်ကြားနိုင်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းတာဝန်ခံ ကိုစည်သူက “သတ်မှတ်ထားတဲ့စျေးနူန်းထက်ပိုရောင်းရင်တိုင်ကြားနိုင်ပါတယ်။ အကိုတို့ကတော့လောလောဆယ် အကိုတို့ဆီမှာတိုင်ထားတဲ့ဟာလေးတွေကိုတော့မှတ်ထားပါတယ်။ အကြောင်းအရာလေးတွေကို။ သူတို့ကို ဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတာတော့ အစ်ကိုတို့မသိသေးပါလူး။ ဌာနဆိုင်ရာတွေကသာသိမယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင်ဆိုလျှင် ဂွ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ စစ်တွေမြို့ရှိ ကျော်ဇံ စက်သုံးဆီဆိုင်နှင့် လင်းမူတောင်စက်သုံးဆီဆိုင်တို့တွင်သာ ရိုးရိုးဒီဇယ် ၁ လီတာကို ၁၂၀၁ ကျပ်၊ အောက်တိန်း (92) တစ်လီတာကို ၁၂၁၂ ကျပ်၊ အောက်တိန်း(95)တစ်လီတာကို ၁၄၄၀ ကျပ်၊ ပရီမီယာတစ်လီတာကို ၁၂၀၉ ကျပ်ဖြင့် သတ်မှတ်စျေးနှုန်းအတိုင်းရောင်းချနေကြောင်း တွေ့ရသည်။

“ဆီစျေးတွေကို ကျနော်တို့ သတ်မှတ်ထားတဲ့စျေးအတိုင်း ပုံမှန်အတိုင်းပဲရောင်းနေပါတယ်။”ဟု စစ်တွေရှိ ကျော်ဇံဆီဆိုင်မှ မန်နေဂျာ ဦးလှိုင်အေးက နိရဥ္စရာကို ပြောသည်။

လက်ရှိတွင် ကျော်ဇံစက်သုံးဆီဆိုင်မှအပ အခြားဆိုင်များတွင် ရိုးရိုးဒီဇယ်တစ်လီတာကို ၁၄၉၀ ကျပ်၊ အောက်တိန်း(92)တစ်လီတာကို ၁၅၀၀ ကျပ်၊ အောက်တိန်း(95)တစ်လီတာကို ၁၅၅၀ ကျပ်၊ ပရီမီယာတစ်လီတာကို ၁၅၀၀ ကျပ်အထိ စျေးနှုန်းမြင့်တက်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးသန်းရွှေက ဆီစျေးနှုန်းများမှာ တစ်ဆိုင်နှင့်တစ်ဆိုင် စျေးနှုန်းတူညီမည်မဟုတ်ဘဲ နိုင်ငံခြားမှတိုက်ရိုက်တင်သွင်းသည့်ကုမ္ပဏီများမှအပ ကျန်သည့် စက်သုံးဆီဆိုင်များတွင် စျေးနှုန်းနောက်ထပ်တစ်ခုဖြစ်နေမည်ဟု နိရဥ္စရာကို မကြာသေးခင်က ပြောထားသည်။

ရခိုင်ပြည်နယ်တွင် စက်သုံးဆီတင်သွင်း၊ ရောင်းချခွင့်ကို အထူးစျေးနှုန်းဖြင့်ရရှိထားသည့်ဆိုင်မှာ ကျော်ဇံ စက်သုံးဆီဆိုင်တစ်ခုတည်းသာရှိသည်ဟုလည်း သိရသည်။

https://www.facebook.com/narinjara.info/posts/4733332803345426

Leave a Reply

Your email address will not be published.