ဂွမြို့နယ်တွင် ကိုဗစ်ကြောင့် စားဝတ်နေရေးခက်ခဲသူ အိမ်ထောင်စု ၁၄၀၀ ခန့်အား သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့က စားနပ်ရိက္ခာများသွားရောက်ထောက်ပံ့

By Narinjara/ 2021 September 11

သဥ္ဇာနွယ်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ကိုဗစ်ကြောင့် စားဝတ်နေရေးခက်ခဲသူ အိမ်ထောင်စု ၁၄၀၀ ခန့်အား သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့က စားနပ်ရိက္ခာများသွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။

မင်းပြားမြို့နယ်မှ သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ကဦးဆောင်၍ ကိုဗစ်ကြောင့် စားဝတ်နေရေးခက်ခဲနေသော ဂွမြို့နယ်မှ အိမ်ထောင်စု ၁၄၀၀ ခန့်ကို စက်တင်ဘာလ ၁၁ ရက်နှင့် ၁၀ ရက်တို့တွင် စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ထောက်ပံ့ရာတွင် ယနေ့ စက်တင်ဘာလ ၁၁ ရက်၌ ဂွမြို့နယ်ရှိ မကျည်းငူရွာ၊ ရွှေရကျိုင်ရွာ၊ ချမ်းသာရွာ၊ သင်ပေါင်းတောရွာ၊ တာလှောင်ကြီးရွာ၊ တောင်ပေါက်ရွာ၊ ကျောက်ချွန်ရွာနှင့် ကံငူရွာ စသော ရွာပေါင်း ၈ ရွာရှိ အိမ်ထောာင်စု ၆၀၀ ခန့်ကို တစ်အိမ်ထောင်လျှင် ဆန် ၂ ပြည်နှင့် ကြက်ဥ ၁၀ လုံးအား ကိန္နရီလူမှုကူညီရေးအဖွဲ့က လက်ခံရယူပြီး ရွာသားများကို ထောက်ပံံပေးခဲ့ကြောင်း သိရသည်။

“ဒေသန္တရ အမိန့်ထုတ်ပြန်ထားတဲ့အတွက် အခက်ခဲဖြစ်နေတဲ့သူတွေကို ကျနော်တို့ အဖွဲ့ကို ပြည်တွင်း၊ ပြည်ပက လာလှူပြီး ကျနော်တို့က ဦးဆောင်ပြီး လှူပေးတာပါ။”ဟု သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့မှ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

အဆိုပါအဖွဲ့သည် ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း ဂွမြို့နယ် ကျိန္တလီမြို့ရှိ ခြောက်ကုန်းရွာ၊ စေတီကွင်းရွာ၊ ကျောက်ခေါင်းကွင်းရွာ၊ ခြုံကြီးရွာ၊ သဲကုန်းရွာ၊ ချင်းကွင်းရွာစသည့် ကျေးရွာ ၆ ရွာနှင့် ကျိန္တလီရပ်ကွက် (၁)၊ (၂)၊ (၃)တို့ရှိ အိမ်ထာင်စု ၈၀၀ အား အိမ်ထောင်စုတစ်စုလျှင် ဆန် ၂ ပြည်နှင့် ကြက်ဥ ၁၀ လုံးတို့ကို ထောက်ပံ့ပေးကြောင်း သိရသည်။

ဂွမြို့နယ်သည် သြဂုတ်လအတွင်းမှစတင်ကာ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါကူးစက်မှုနှုန်းမြင့်မားလာခဲ့သည့်အတွက် မြို့နယ်အတွင်း နေထိုင်သူများအနေဖြင့် နံနက် ၅ နာရီမှ မွန်းတည့် ၁၂ နာရီအထိသာ အပြင်ထွက်ကြရန်နှင့် လိုက်နာမှုမရှိပါက အရေးယူခံရမည်ဟု ဒေသန္တရအမိန့်ကို သြဂုတ်လ ၂၅ ရက်မှစတင် ထုတ်ပြန်ထားရသည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/4673302262681814

Leave a Reply

Your email address will not be published.