ဂွမြို့က NLD အမတ် အပါအဝင် သုံးဦး ထောင်ဒဏ်အသီးအသီးချခံရ

By RFA/ 2021 September 28

■ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှုအပေါ် ဆန္ဒပြလို့ဆိုပြီး ဖမ်းဆီးတရားစွဲခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဂွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်၊ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးလူနီနဲ့ ဆန္ဒပြရာမှာ ပါဝင်ခဲ့သူ ကိုအောင်စိုးမင်းတို့ကို ဂွမြို့နယ် တရားရုံးကနေ စက်တင်ဘာလ ၂၇ ရက်နေ မနေ့မှာ ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။

ဦးရဲခေါင်ညွန့်ကို နိုင်ငံတော် အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ် နှစ်နှစ်နဲ့သုံးလ၊ ဦးလူနီကို ပုဒ်မ ၅၀၅ (ခ) အတွက် ထောင်ဒဏ်နှစ်နှစ်နဲ့ ကိုအောင်စိုးမင်းကိုတော့ ပုဒ်မ ၂၅ နဲ့ ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ အတွက် ထောင်ဒဏ်ငါးလ အသီးသီးချမှတ်လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

မြို့နယ်တရားတရုံးကနေ သုံးဦးစလုံးကို ထောင်ဒဏ်အသီးသီးချမှတ်လိုက်တဲ့အပေါ် ခရိုင်တရားရုံးမှာ အယူခံထပ်မဝင်တော့ဘူးလို့ မိသားစုဝင်က ဆိုပါတယ်။

သုံးဦးစလုံးကို ပြီးခဲ့တဲ့ ဖော်ဖော်ရီလ ၁၀ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေမှာ စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။

တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ NLD ပါတီ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်နဲ့ ပါတီဝင် ကိုသန့်ဇင်ဖြိုးတို့လည်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့မှာပဲ ထောင်ဒဏ်နှစ်နှစ်နဲ့ နှစ်လ ချမှတ်ခံထားရပါတယ်။

NLD ပါတီ အစိုးရလက်ထက်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ ဦးညီပုအပါအဝင် ဝန်ကြီးငါးဦးကိုလည်း နိုင်ငံတော်အကြည်အညိုပျက်စေမှုဥပဒေပုဒ်မ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ စစ်ကောင်စီက ဖမ်းဆီး တရားစွဲဆိုထားပါတယ်။

https://www.facebook.com/rfaburmese/posts/10161384630038128

Leave a Reply

Your email address will not be published.