By Narinjara/ 2021 September 23
ချစ်အိလှိုင်

ချင်းပြည်နယ်အတွင်းမှ ပလက်ဝမြို့အပါအဝင် မြို့ ၈ မြို့တွင် ယနေ့ညနေမှစတင်ကာ အင်တာနက်ပြတ်တောက်သွားကြောင်း သတင်းရရှိသည်။
အင်တာနက်ပြတ်တောက်သွားသည့်မြို့များမှာ ပလက်ဝ၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မတူပီ၊ မင်းတပ်နှင့် ကန်ပက်လက် စသည့် မြို့နယ် (၈)ခုဖြစ်ပြီး ယနေ့ စက်တင်ဘာလ ၂၃ ရက် ညနေ ၆ နာရီခန့်မှစတင်ကာ အင်တာနက်ပြတ်တောက်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ပလက်ဝမြို့နယ်တွင် MPT ဖုန်းတာဝါတိုင်များသာရှိပြီး လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ဖုန်းလိုင်းနာရီပိုင်းပြတ်တောက်မှုဖြစ်ခဲ့ပြီးနောက် ယခုကဲ့သို့ အင်တာနက်ပြတ်ေတောက်သွားခြင်းဖြစ်သည်ဟုလည်း ပလက်ဝမြို့ခံ တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်သူ မမိုင်ဇင်က ပြောသည်။
“ငါးနာရီ၊ ခြောက်နာရီပတ်ဝန်းကျင်လောက်ကပါ။ အင်တာနက်လိုင်းဖြတ်မယ်ဆိုရင် သတင်းကြေညာပြီးမှ ဖြတ်ရမှာမဟုတ်ဘူးလား။ အခုက ဗြုန်းစားကြီးဖြတ်လိုက်တာဆိုတော့ တာဝါတိုင်များပျက်သလား၊ ပြန်များရမလားလို့ မျှော်လင့်နေတယ်။ တကယ်လို့ လုံးဝပြတ်တောက်သွားမယ်ဆိုရင်တော့ တစ်နိုင်ငံလုံးကလူတွေရပြီး ကျွန်မတို့ချည်းမရဘူးဆိုတာက စိတ်မကောင်းဖြစ်မိတာပေါ့” ဟုပြောသည်။
ပလက်ဝမြို့နယ်တွင် လူမှုရေးလှုပ်ရှားနေသူတစ်ဦးကလည်း အင်တာနက်ပြတ်တောက်သွားခြင်းမှာ ဟုတ်မှန်သည်ဟု ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့ရဲစခန်းမှ တာဝန်ကျရဲအရာရှိအားမေးမြန်းရာ ၎င်းက “ ကျွန်တော်တို့မြို့နယ်မှူးကိုလည်း မြို့နယ်အုပ်ချုပ်ရေးမှူးက မေးလာတော့ မြို့နယ်မှူးက ကျွန်တော့်ကို ပြန်မေးတယ်။ ဘာဖြစ်လို့အင်တာနက် ပြတ်သွားတာလဲလို့။ ကျွန်တော်တို့လည်း ဘာမှမသိရသေးဘူး” ဟု ပြောသည်။
ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်လောဟာအားဆက်သွယ်ရာ ၎င်းမှာ အခြားနေရာသို့ ပြောင်းသွားခဲ့ပြီဖြစ်သဖြင့် ချင်းပြည်နယ်အတွင်းမှကိစ္စအား သိရှိနိုင်ခြင်းမရှိတော့ကြောင်း ပြောသည်။
လွန်ခဲ့သည့် ၂ဝ၁၈ ခုနှစ်မှစ၍ ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲများဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်မှ မြို့နယ်(၈)ခုအပါအဝင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် အင်တာနက် ၁ နှစ်ကျော်ကြာပြတ်တောက်ခဲ့ဖူးကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးမှ ဂန့်ဂေါ၊ မြိုင်နှင့် ထီးလင်းစသည့်မြို့နယ်(၃) ခုတွင်လည်း ယနေ့တွင် အင်တာနက် ပြတ်တောက်နေသည်ဟုသတင်းများထွက်ပေါ်နေသော်လည်း နိရဥ္စရာအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
https://www.facebook.com/narinjara.info/posts/4713912471954126