ကျွန်းသာယာမှ ရေလုပ်သားများအား ငါးဖမ်းမထွက်ရန် စစ်တပ်မှ တားမြစ်ခြင်းမရှိဟုဆို

By Western News/ 2021 September 1

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကျွန်းသာယာကျေးရွာမှ ရေလုပ်သားများအား ပင်လယ်ပြင်သို့ ငါးဖမ်းမထွက်ရန် လာရောက်တားမြစ်ခဲ့ခြင်းမှာ မဟုတ်မှန်ကြောင်း ခလရ ၂၇၀ တပ်ရင်းမှ ဗိုလ်ကြီးဖြိုးလင်းအောင် က ပြောသည်။

ကျွန်းသာယာကျေးရွာမှ ရေလုပ်သားများကို ၄င်းတို့အနေဖြင့် ငါးဖမ်းမထွက်ရန် တားမြစ်ခဲ့ခြင်းမှာ မဟုတ်မှန်ကြောင်း ဗိုလ်ကြီးဖြိုးလင်းအောင် က Western News ကိုပြောသည်။

“အဲဒါနဲ့ပတ်သတ်ပြီးတော့ ကျနော်တို့က ဘာမှပိတ်ထားတာမရှိဘူး။ အောက်က ဥက္ကဌတွေ အကုန်လုံးကို မေးလို့ရပါတယ်။ ကျနော်တို့ ဘာမှလုပ်ခဲ့တာမရှိဘူး”ဟုပြောသည်။

ခလရ ၂၇၀ တပ်ရင်းမှ ဗိုလ်ကြီးဖြိုးလင်းအောင် အပါအဝင် ၃ ဦးတို့မှာ ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့က ကျွန်းသာယာကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်သို့ ရောက်ရှိလာကာ ကျေးရွာအတွင်းမှ ရေလုပ်သားများအား စက်တင်ဘာလ ၁ ရက်နေ့မှ ၇ ရက်နေ့ထိ ပင်လယ်ပြင်သို့ငါးဖမ်းမထွက်ကြရန်သတိပေးပြောဆိုခဲ့ကြောင်း ကျေးရွာသားများကပြောသည်။

ယင်းအပြင် ငါးဖမ်းထွက်၍ တစ်စုံတရာဖြစ်ပွားခဲ့လျှင်လည်း တာဝန်ယူမည်မဟုတ်ဟု ပြောဆိုသွားကြောင်း ကျွန်းသာယာကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ကျွန်းသာယာကျေးရွာမှ ရေလုပ်သားများအား ပင်လယ်ပြင်သို့ ငါးဖမ်းမထွက်ရန်လာရောက်တားမြစ်ခဲ့သည့် ဗိုလ်ကြီးဖြိုးလင်းအောင် အပါအဝင် ၃ ဦးတို့မှာ အထက်အမိန့်ဖြင့် လာရောက်တားမြစ်ခြင်းမဟုတ်ဘဲ မိမိတို့၏ စိတ်သဘောဖြင့်တားမြစ်ခဲ့ခြင်းဖြစ်သည်ဟု ကျွန်းသာယာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှဖော်သူက ပြောသည်။

“သူတို့က အထက်ကညွှန်ကြားချက်နဲ့တားမြစ်တာမဟုတ်ဘူး။ ကိုယ့်သဘောကိုယ့်ဆန္ဒနဲ့ တားမြစ်ကြတာ။ အဲဒီဗိုလ်ကြီး ၃ ဦး အပါအဝင် ၅ ဦးဟာ မနေ့က ကျနော့်ဆီရောက်လာတယ်။ တားမြစ်တယ်ဆိုတဲ့ စကားကို သူတို့မပြောဘူးဆိုပြီး ပြောတယ်။ ပြီးတော့ ဒီသတင်းကြောင့် သူ့ကို အထက်အရာရှိတွေ ဆူနေပြီဆိုပြီးတော့ ပြောတယ်။ အဲဒီလိုပြောပြီး ခဏနေတော့ တိုင်းမှူးနဲ့ တပ်ရင်းမှူးဆီက ဖုန်းဆက်လာတယ်”ဟုပြောသည်။

တိုင်းမှူး၏ ပြောဆိုချက်တွင် စစ်တပ်နှင့် AA တို့ကို သတင်းမီဒီယာသမားများက ရန်တိုက်ပေးနေပြီး တစ်စုံတရာ ဆူပူသောင်းကျန်းမှုဖြစ်ပွားခဲ့လျှင် နှစ်ဦးနှစ်ဖက်လုံးအတွက် မကောင်းသလို စကားကိုလည်းထိန်းထိန်းသိမ်းသိမ်း ပြောဆိုရန် တိုင်းမှူးက ပြောဆိုသွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ပင်လယ်ပြင်သို့ ငါးဖမ်းမထွက်ရန် စစ်တပ်က တားမြစ်သည့် သတင်းများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် ကျွန်းသာယာကျေးရွာ ကျေးရွာအတွင်းမှ ငါးလုပ်ငန်းရှင်များကို စက်တင်ဘာလ ၁ ရက် ညနေပိုင်းတွင်ခေါ်ယူတွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံမှုတွင် ဗိုလ်ကြီးဖြိုးလင်းအောင်ကအပါအဝင် ၃ ဦးက ၄င်းတို့အနေဖြင့် ငါးဖမ်းမထွက်ရန်တားမြစ်ခြင်း မရှိသလို ရေလုပ်သားများအနေဖြင့်လည်း ငါးဖမ်းထွက်ကြရန် ပြောဆိုခဲ့ကြောင်း ခေါ်ယူတွေ့ဆုံရာတွင်ပါဝင်သည့် အမည်မဖော်လိုသည့် ငါးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ကျွန်းသာယာကျေးရွာ၊ ငပသုန်ကျေးရွာနှင့် ပြင်ဝန်းကျေးရွာတို့မှာ ရေလုပ်ငန်းကို အဓိက အမှီသဟဲပြုကာ လုပ်ကိုင်စားသောက်နေရသည့် ကျေးရွာများဖြစ်ပြီး အဆိုပါ ကျေးရွာ ၃ ရွာတွင် ငါးဖမ်းလှေပေါင်း ၆၀၀ ခန့်ရှိသည်ဟုသိရသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီမှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ အား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

မြေပုံမြို့နယ်၊ ကျွန်းသာယာကျေးရွာ၏ အနောက်ဖက်ကျေးရွာအစပ်တောင်ကုန်းတွင် အမြောက်တပ်နှင့် ခြေလျင်တပ်ရင်း ခလရ ၂၇၀ တို့အထိုင်ချ တပ်စွဲထားသည်။

https://www.facebook.com/westernnewsagency/posts/362344272238750

Leave a Reply

Your email address will not be published.