ကျောက်ဖြူမြို့တွင် Food Box ထား​ခြင်းကို ပြည်သူများပူးပေါင်းမှုရှိလာ

By Development Media Group (DMG)/ 2021 September 22

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အရေးပေါ်ဆာလောင်ငတ်မွတ်လာသူများနှင့် မရှိဆင်းရဲသားများ အရေးပေါ်စားသောက်နိုင်ရန်အတွက် မြို့ပေါ်ရပ်ကွက်များ၌ Food Box ထားရှိခြင်းကို ပြည်သူများ ပူးပေါင်းပါဝင်မှုရှိလာကြောင်း သိရသည်။

ကျောက်ဖြူမြို့ပေါ်တွင် ရပ်ကွက် ၁၇ ခုရှိရာမှ ရပ်ကွက် ၂ ခုတွင်သာ Food Box များထားရှိနိုင်သေးပြီး ကျန်ရပ်ကွက်များအတွင်ထားရှိရန်ကြိုးပမ်းနေကြောင်း Food Box အဖွဲ့မှ တာဝန်ရှိသူ ဦးလှကျော်ကပြောသည်။

“ကျနော်တို့ ဒီ Food Box ထားရှိတာကတော့ တစ်လမပြည့်သေးဘူးပေါ့နော်။ လက်ရှိပြည်သူတွေကတော့ ၃၀ ရာခိုင်နှုန်းလောက် ပူးပေါင်းပါဝင်လာကြတယ်။ အခုရပ်ကွက် ၂ ခုမှာ ၂ လုံးထားရှိထားတယ်။ အားလုံးရပ်ကွက် ၁၇ ခုရှိတယ်။ Food Box အလုံးရေ ၁၀ ကျော်လောက်ထားရှိဖို့ ပြင်ဆင်ထားတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိထားရှိသော Food Box အတွင်း မာမားခေါက်ဆွဲ၊ မုန့်ခြောက်၊ အချိုရေ၊ သောက်ရေသန့်များထည့်ထားပြီး အလှူရှင်အပေါ်မူတည်ကာ ဆန်၊ ဆီ၊ ဆားများပါဖြည့်တင်းသွားရန် စီစဉ်နေကြောင်း သိရသည်။

ယခု Food Box အစီအစဉ်အား ရေရှည်စနစ်တကျ ဖြစ်လာစေရန်အတွက် ရပ်ကွက်အလိုက် ပြည်သူတစ်ဦးချင်းအနေဖြင့် စောင့်ရှောက်ပေးရန်လိုအပ်သည်ဟု ကျောက်ဖြူဒေသခံ ကိုဇေယာကျော်ကလည်း ပြောသည်။

“ဒါကကောင်းတဲ့အစီအစဉ်တစ်ခုပါ။ ဒါပေမဲ့ အခုလိုလုပ်နေတာကို Food Box လုပ်တဲ့အဖွဲ့တစ်ခုတည်းက လုပ်ဆောင်ခြင်းမဟုတ်ဘဲ ရပ်ကွက်အလိုက်ပြည်သူတွေကလဲ ပူးပေါင်းပြီး ပါဝင်ဖို့လိုအပ်တယ်။ ဒါမှရေရှည်ရပ်တည်ဖို့ အဆင်ပြေမှာဖြစ်တယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွက် Food Box နှစ်လုံးအတွက် တစ်နေ့လျှင် ကုန်ကျငွေ ၂၀၀၀၀ ကျပ်ခန့်ရှိပြီး အဆိုပါ Food Box များကို အဖွဲ့သားများအနေဖြင့် စောင့်ကြည့်မှုများလုပ်ဆောင်နေကြောင်း သိရသည်။

ယခုကဲ့သို့ Food Box ထားရှိခြင်းအစီအစဉ်သည် ရခိုင်ပြည်နယ်တွင် ပထမဆုံး စတင်လုပ်ဆောင်လာခြင်းလည်းဖြစ်သည်။

https://www.facebook.com/dmgnewsagency/posts/2115738701911863

Leave a Reply

Your email address will not be published.