ကျောက်ဖြူတွင် ကိုဗစ်ကြောင့် စားဝတ်နေရေးခက်ခဲသူများအတွက် Food Box များကို တစ်မြို့လုံးအနှံ့ထားပေးနိုင်ရန်ကြိုးစားနေ

By Narinjara/ 2021 September 22

သဥ္ဇာနွယ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကိုဗစ်ကာလအတွင်း စားဝတ်နေရေးမပြေလည်ဘဲ ချို့တဲ့သူများအတွက် Food Box များကို တစ်မြို့လုံးအနှံ့ထားပေးနိုင်ရန်ကြိုးစားနေသည်ဟု သတင်းရရှိသည်။

အဆိုပါ Food Box များကို ကျောက်ဖြူ Food Box ဟု အမည်ပေးထားသည့်အဖွဲ့တစ်ခုက ကျောက်ဖြူမြို့ အလယ်ပိုင်းနှင့် အနောက်ပိုင်းတို့ရှိ လမ်းမများနှင့် လူမြင်ကွင်းများတွင် စက်တင်ဘာ ၁၅ ရက်မှစပြီး လှူဒါန်းထားပေးခြင်းဖြစ်သည်။

ကိုဗစ်ကာလ စားဝတ်နေရေးခက်ခဲသူများအတွက်ရည်ရွယ်၍ Food Box များကို ကျောက်ဖြူတစ်မြို့လုံးရှိ ရပ်ကွက်များတွင် ထားရှိနိုင်အောင် ဆက်လက်ကြိုးစားနေသည်ဟု အဆိုပါအဖွဲွ့မှ ပြန်ကြားရေးတာဝန်ခံ ဦးဇော်ဝင်းက ပြောသည်။

ဦးဇော်ဝင်းက “ကျနော်တို့က မရှိဆင်းရဲသားတွေ လမ်းပေါ်မှာ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရတဲ့သူတွေကို အဓိကထားပြီး လှူထားတာပါ။ တကယ်မရှိတဲ့သူတွေ ယူနေကြတာမြင်တော့ တကယ် ပီတိဖြစ်မိတယ်”ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

အဆိုပါ Food Box များအထဲတွင် အအေးနှင့် ရေသန့်အပြင် အခြား မုန့်ပဲသရေစာများ ထည့်သွင်းထားပြီး ကိုဗစ်ကြောင့် အခက်အခဲဖြစ်နေကြသူများအနေဖြင့် အခမဲ့ဝင်ရောက်ယူဆောင်နိုင်သည်ဟု သိရသည်။

ကျောက်ဖြူဒေသခံတစ်ဦးဖြစ်သူ ဦးခိုင်မင်းက “ဒီလိုမျိူးရှိတာ ကောင်းပါတယ်။ မရှိတဲ့သူတွေ ယူရင်ကောင်းတာပေါ့။ ရှိတဲ့သူတွေပါ စည်းမဲ့ ကမ်းမဲ့ယူရင်မကောင်းဘူး”ဟု ပြောသည်။

ကျောက်ဖြူမြို့တွင် ယခုကဲ့သို့ Food Box ထားရှိခြင်းမှာ ရခိုင်ပြည်တွင် ပထမဆုံးဖြစ်ကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4707203969291643

Leave a Reply

Your email address will not be published.