ကိုဗစ်နှင့် နိုင်ငံရေးအပြောင်းအလဲများကြောင့် ရခိုင်မှ အဏ္ဏဝါ အမျိုးသားဥယျာဉ်ဖွဲ့စည်းရေးလုပ်ငန်းများ ကြန့်ကြာမှုရှိနေ

By Development Media Group (DMG)/ 2021 September 19

အဆိုပြု ကျွန်းနံ့သာအဏ္ဏဝါထိန်းသိမ်းရေးဧရိယာအား တွေ့ရစဉ်။(ဓာတ်ပုံ – WCS)

လက်ရှိဖြစ်ပွားနေသော COVID-19 ကပ်ရောဂါနှင့် နိုင်ငံရေး ပြောင်းလဲမှုများကြောင့် ရခိုင်မှ အဏ္ဏဝါ(ပင်လယ်ပြင်)ကာကွယ်ထိန်းသိမ်းရေးဧရိယာ တည်ထောင်ရေးလုပ်ငန်းများ ကြန့်ကြာမှုရှိနေကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS- မြန်မာနိုင်ငံအစီအစဉ်) Marine Conservation Manager (Wildlife Conservation Society–WCS) ဦးသောင်းထွဋ်က ပြောသည်။  

ရခိုင်ပြည်နယ်မှ ဂွကျွန်း၊ နံ့သာကျွန်းနှင့် ကျွန်းနံ့သာတို့တွင် အဏ္ဏဝါကာကွယ်ထိန်းသိမ်းရေးဧရိယာများ တည်ထောင်ရန်လုပ်ဆောင်နေပြီး သစ်တောဦးစီးဌာန၊ WCS Myanmar နှင့် ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း(RCA)တို့ပူးပေါင်းကာ လုပ်ဆောင်နေခြင်းဖြစ်သည်။

“ဒီနေရာတွေကို ထိမ်းသိမ်းရေးဧရိယာဖြစ်ဖို့အတွက် တိုင်းတာတာတွေနဲ့ အဲ့ဒီမှာရှိတဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို လေ့လာတာတွေပဲ လုပ်ရသေးတယ်။ ကျန်တဲ့အဆင့်တွေအများကြီးလိုနေသေးတယ်”ဟု ဦးသောင်းထွဋ်ကပြောသည်။

ယခင်က ၂ နှစ်ခန့်အတွင်း အပြီးသတ်ဆောင်ရွက်ရန် ရည်ရွယ်ထားသော်လည်း ကပ်ရောဂါနှင့် နိုင်ငံရေးပြောင်းလဲမှုများကြောင့် လုပ်ငန်းများကိုရပ်နားထားရကြောင်း သိရသည်။

အဏ္ဏဝါအမျိုးသားဥယျာဉ်တည်ထောင်ရန်အတွက် သတ်မှတ်ထားသည့် အဆင့်ငါးဆင့်ရှိသည့်အနက် လက်ရှိတွင် အဆင့်တစ်ဆင့်ခန့်သာ ပြီးမြောက်သေးကြောင်းနှင့် လက်ရှိအနေအထားများ တည်တည်ငြိမ်ငြိမ်နှင့် လုပ်ငန်းများပြန်လည်စတင်နိုင်ရန် ရည်ရွယ်ထားကြောင်း လုပ်ငန်းလုပ်ကိုင်နေသူများက ဆိုသည်။

အဏ္ဏဝါကာကွယ်ထိန်းသိမ်းရေးဧရိယာများ တည်ဆောက်ရန်အတွက် နိုင်ငံတော်ဘက်မှ စိတ်ဝင်စားမှု၊ ဥပဒေလွှမ်းမိုးနိုင်မှုနှင့် ပြည်သူများ၏ စိတ်ဝင်တစားပူးပေါင်းပါဝင်မှုများမှာ အထူးအရေးကြီးကြောင်း RCA ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကြည်က ပြောသည်။

“အဏ္ဏဝါကာကွယ်ထိန်းသိမ်းရေးဧရိယာတွေ တည်ဆောက်နိုင်ပြီဆိုရင် လူတွေကြောင့်ပျက်စီးနေပြီဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်တွေ ပြန်ကောင်းလာမယ်။ ဇီဝမျိုးစုံမျိုးကွဲတွေအတွက် နေရာပြန်ရလာမယ်။ ဒါတွေ ပြန်ကောင်းလာတာနဲ့အမျှ လူတွေအတွက် စားနပ်ရိက္ခာတွေ ဖူလုံလာမယ်။ အသက်မွေးဝမ်းကျောင်းတွေ အဆင်ပြေလာမှာပါ”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် လူများ၏ ငါးအလွန်အကျွံဖမ်းဆီးမှု၊ ရေမြှုပ်မိုင်းအသုံးပြု ငါးဖမ်းဆီးမှုနှင့် စနစ်မကျသော ငါးဖမ်းဆီးမှုများကြောင့် ငါးမျိုးစိတ်များနှင့် ဂေဟစနစ်တို့တွင် အရေးပါသည့်သက်ရှိသက်မဲ့မျိုးစိတ်များ ပြုန်းတီးလာကာ ရေအောက်သန္တာကျောက်တန်းများ ပျက်စီးမှုများနှင့်ကြုံတွေ့နေရပြီဖြစ်ကြောင်းလည်း ပညာရှင်များက သုံးသပ်ပြောဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ အကြီးဆုံးဒီရေတောဖြစ်သည့် ဝန်ဖိုက်ဒီရေတောနှင့် ကျိန္တလီကျွန်းတို့ကို အဏ္ဏဝါကာကွယ်ထိန်းသိမ်းရေးဧရိယာအဖြစ်သတ်မှတ်ကာ ထိန်းသိမ်းမှုများဆောင်ရွက်ရန် လုပ်ဆောင်နေကြခြင်းဖြစ်သည်။

အဆိုပါကိစ္စများကို သစ်တောဦးစီးဌာနအနေဖြင့် မည်သို့ ဆောင်ရွက်နေသည်ကို သံတွဲခရိုင် သစ်တောဦးစီးဌာနရုံးသို့ DMG မှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း နောက်မှပြန်လည်ပေးကြားပေးမည်ဟုသာ တုန့်ပြန်ခဲ့သည်။

အဏ္ဏဝါကာကွယ်ထိန်းသိမ်းရေးဧရိယာ မသတ်မှတ်မီက တစ်ရက်လျှင် ငါးပုဇွန်အများဆုံး သုံးပိဿာခန့်သာရရှိခဲ့သော်လည်း ထိန်းသိမ်းရေးဧရိယာပြုလုပ်ပြီးနောက်တွင် ပိဿာချိန် ၂၀/၃၀ ခန့်အထိ ရရှိမှုများရှိလာကြောင်း ကျိန္တလီဒေသခံများကဆိုသည်။

အဏ္ဏဝါကာကွယ်ထိန်းသိမ်းရေးဧရိယာများ တည်ဆောက်ခြင်းစီမံကိန်းကို ရခိုင်အပါအဝင် မြန်မာနိုင်ငံရှိ ကမ်းရိုးတန်းဒေသခြောက်ခုတွင်ပြုလုပ်သွားရန် စီမံထားကြောင်းလည်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2113196115499455

Leave a Reply

Your email address will not be published.